ဒုတိယအကြိမ် ပြန်လည် ရောက်ရှိခဲ့တဲ့ ကျမကို ဥရုဝေလ ဟာ စိမ်းစိုမှု တစ်ဝက်တစ်ပျက် နဲ့ တစ်နှစ်က လိုပါပဲ..ကြိုဆိုလျက်ရှိပါတယ်..။
စွံပလွန်ပင်... အော်ရီရှားပင် များနဲ့ သက်နု သစ်တော ဥရုဝေလ တော ကိုစတင်ဝင်ရောက်တယ် ဆိုရင်ပဲ...
ငယ်ငယ်က ရွတ်ဆိုခဲ့ဘူးတဲ့ ဝဋ်တော် (၁၂)ပါး လင်္ကာ လေးထဲက
ဥရုဝေလ တောဝ မြိုင်ခွင်...၆ နှစ်ပတ်လုံး ကျင့်သုံးအရှင်
အားကုန်ခမ်းလို့..ညှိုးနွမ်းငြိုငြင်.... စတဲ့ စကားမှားခဲ့တဲ့ အတိတ် ကိုသတိရ တတ်ကြတာများပါတယ်..။
မြတ်စွာဘုရားအလောင်းတော်သည်
ကဿပဘုရားရှင်လက်ထက်က ဗေဒင်ပညာကို တစ်ဖက်ကမ်း ခပ်တတ်ကျွမ်းသည့်ပုဏား လူမျိုး“ဇောတိပါလ”လူငယ် ဖြစ်ခဲ့ပါတယ် ...။
ပညာတတ်သည့်အလျောက် မာန်မာနအလွန်ကြီးပြီး၊
ကဿပဘုရားရှင်ကို မှားခဲ့တဲ့ စကားကြောင့်ပင်လျင် မြတ်စွာ ဘုရားအလောင်းတော် ဟာ
ကိုယ်တိုင်ဘုရားဖြစ်ရန်ကျင့်သောအခါ အကျင့်မှားကြီးတစ်ခုကို(၆)နှစ် ကြာကျင့်ရသည့်ဆင်းရဲခြင်းဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါတယ်..။
“အတ္တကိလမထ”ဟုခေါ်သော ခန္ဓာကိုယ်ကိုနှိပ်စက်ညှင်းပမ်း သော
အကျင့်တစ်မျိုးမျှ ဖြစ် သည့်အတွက်
ဘုရားအဖြစ်သို့ပို့ဆောင်နိုင်သောလမ်းစဉ်မဟုတ်မှန်းသိရှိ၍၊စွန့်လွှတ်ပြီး မစ္ဇျိမပဋိပါဒဟုခေါ်သော“မဂ္ဂင် (၈)ပါး”အကျင့်ဖြင့်သာလျင် ဘုရားအဖြစ်သို့ရောက်တော်မူရ ပါတယ်..။
(သူ ၆လ ဆိုရင် ကိုယ်က ၆နှစ် ) ဆိုတဲ့အတိတ်ကိုတူးဆွ တာ အပြစ်တင်သလို ဆိုတာမျိုး ခံစားရတာမို့ ဒုက္ကရစရိယ အကြောင်းကို ကျမ ကထပ်မံ မဖွဲ့ ဆိုချင်တော့ပါ..။
အကျင့်မှား ဖြစ်သော်လည်း အရိုးပြိုင်းပြိုင်း ထသည်ထိ ကျင့်ကြံ အားထုတ် တော်မူခဲ့တဲ့ မဟာ ကရုဏာတော်ကိုသာ ဦးညွှတ်မိပါတယ်..။
ဒီနေ့ ကျမ တို့ ရဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား နဲ့ အတူဥရုဝေလ ကိုဝင်တဲ့အခါ မှာ တော့....
စကားလုံးအဆန်း တစ်ခု ကို ဆုပ်ဖမ်းမိပါတယ်...။
အမှား ကနေ အတ္တကိလမထာ အကျင့်ကနေ မဇ္ဈိမ ပဋိပဒါ အမှန်လမ်းကြောင်းပေါ်သို့ လမ်းခွဲ အစ တဲ့...။ ဒါကြောင့် မြင့်မြတ်တဲ့ မြေထူးမြေ မြတ် ဖြစ်ပါတယ် တဲ့..။
အမှားဆိုတာ အမှန်ရဲ့ ဆရာပဲတဲ့..။ ဘုရားရှင်ဟာ အင်မတန် ခဲယဉ်း တဲ့အကျင့်ကိုကျင့်ခဲ့တာ ၆နှစ်တောင်ကြာ ခဲ့တာ တဲ့..။
၆နှစ်ကြာ ခဲ့လို့ ဝဋ်ကြွေးပြေချိန်မှာ .... ငယ်ငယ်က လယ်ထွန်မင်္ဂလာ ဝင်ချိန် ဝင်စားခဲ့တဲ့ အာနာပါန ဈာန်ကိုသတိရမိ ကာ ..ပဲနောက်ရည်လေးတွေ ပြန်ဘုဉ်းပါသတဲ့..။
မဇ္ဈိမ ပဋိပဒါ အလယ် အလတ် ကျင့်စဉ် ပေါ် ရောက်ရှိစတင်ခဲ့တဲ့ နေရာ လို့ ပိုင်းလော့ဆရာတော် ချီးမွမ်းဖွဲ့ဆိုပါတယ်..။
ကျွန်မ ကလည်း ရှင်တစ်ထောင်အခါတော်နေ့ ထဲက ဥရုဝေလတော က ရသေ့ညီနောင်၊ ရှင်တစ်ထောင်ကို စတင်သတိရ လိုက်မိပါတယ်။
သူတို့သည်လည်း လောကသဘာဝ ရ ကိုယ့်ထက်မြင့်မားသူ ကိုယ့်အသိုင်းအ၀ိုင်းမှာ မထားလိုခြင်းဆိုတဲ့ စိတ်ကျဉ်မြောင်းမှုများ ရှိနေသေး ရာ ကနေ မာန ကို လွှတ်ချ နိုင်ခဲ့တဲ့ လမ်းခွဲအစ တစ်ခု ပါပဲလို့ ဆိုရပါမယ်..။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင် ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပထမဝါကျွတ်ပြီး မှာ..... ရသေ့တစ်ထောင်ကို ချွတ်ဘို့အတွက် ဥရုဝေလတော သို့ တန်ဆောင်မုန်းလပြည့်နေ့မှာရောက် ရှိတော်မူခဲ့ပါတယ်။
ပြာသိုလပြည့်နေ့အထိ နှစ်လတာမျှ နေထိုင်သီတင်းသုံးပြီး ရသေ့များကိုစည်းရုံးခဲ့ပါတယ်။
အဲဒီ အချိန်က ဥရုဝေလ တော ထဲမှာ
အစ်ကိုကြီး ဥရုဝေလ ကဿပခေါင်းဆောင်တဲ့ ရသေ့ ၅၀၀၊
အစ်ကိုလတ် နဒီ ကဿပ ခေါင်းဆောင်တဲ့ ရသေ့ ၃၀၀၊
ညီငယ် ဂယာကဿပခေါင်းဆောင်တဲ့ ရသေ့ ၂၀၀ တို့ သုံးနေရာခွဲပြီး နေထိုင်ကြပါတယ်။
အစ်ကိုကြီး ဥရုဝေလ ကဿပ ဟာ အခြားညီနောင်နှစ်ပါးနှင့်အတူ ရသေ့ပေါင်းတစ်ထောင်၏ လောကထွက်မြောက်ရေးကို နည်းပေးညွှန်ပြနေသည့် ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်ပါတယ်..။
လောကသဘာဝ ရ ကိလေသာမကုန်သေးတော့ ကိုယ့်ထက်မြင့်မားသူ ကိုယ့်အသိုင်းအ၀ိုင်းမှာ မထားလိုခြင်းတည်းဟူသော စိတ်ကျဉ်မြောင်းမှုများ ရှိနေသေးတဲ့ နေရာတစ်ခုပေါ့လေ..။
ဘုရားရှင် ရောက်လာတဲ့အခါ......
မီးဖိုချောင်လေးက အစွယ်ငေါငေါအစွမ်းထက်ထက် မြွေနဂါးကြီးတစ်ကောင် ၀င်ရောက်ခွေအိပ်နေသည့် အန္တရာယ် ရှိတဲ့နေရာ ကို သီတင်းသုံး ဘို့ ပေးပါတယ်..။
သို့သော် ဗုဒ္ဓအရှင်က ဇွတ်တိုးဝင်ကာ သီတင်းသုံးခဲ့ ပါတယ်။
ထိုညက ဥရုဝေလကဿပအပါအ၀င် ရသေ့ငါးရာလုံး စိတ်မကောင်းခြင်းကြီးစွာ ဗုဒ္ဓကို သနားနေခဲ့ကြ ပါသေးတယ်..။
နံနက်လင်းချိန်မှာတော့ ဗုဒ္ဓအရှင်က တစ်ညတာလုံးဆုံးမယဉ်ကျေးစေပြီးသည့် နဂါးကြီးကို သပိတ်ထဲထည့်ကာ မီးဖိုချောင်လေးမှ ထွက်လာခဲ့တော့တာ ။ ဥရုဝေလအပါအ၀င် ရသေ့အားလုံး အံ့သြပြာဝေသွားကြတော့တာ..။
“ ရဟန်းကြီးကား တန်ခိုးတော့ကြီးပါပေရဲ့၊ သို့ရာတွင် ငါ့လိုတော့ ရဟန္တာမဟုတ်သေး”တဲ့။
ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥရုဝေလကဿပ ထံ နေခွင့်တောင်းလေရာ နဂါးကြီးရှိတဲ့ မီးတင်းကုတ်ကို နေခွင့်ပေးပါတယ်။
မြတ်စွာဘုရားရှင် က နဂါးကြီးကိုတန်ခိုးတော်ဖြင့်နှိမ်နင်းပြလေရာ ဥရုဝေလကဿပ နှင့် ရသေ့များ အထင်ကြီး သွားကြပါတယ်။
((ဗုဒ္ဓအရှင်နှင့် အတူနေထိုင်ခွင့်ရလေလေ ဗုဒ္ဓအကြောင်း ပိုသိရလေလေဖြစ်သည်။ ညစဉ်ညစဉ် နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများဖြင့် ဗုဒ္ဓအရှင်၏ ကျောင်းသင်္ခန်းလေး လင်းပနေတတ်သည်ကို အံ့သြရသည်။
ဗုဒ္ဓအရှင်ထံသို့ စတုမဟာရာဇ်နတ်မင်းကြီးများ၊ သိကြားဗြဟ္မာများကိုယ်တိုင်ပင် လာရောက်ပူဇော်ချဉ်းကပ်ကြသည် ဟု သိရသောအခါ ဗုဒ္ဓအရှင်ကို မလေးစားပဲ မနေနိုင်။ သို့သော် ရသေ့ကြီးက ဆုပ်ကိုင်ထားသော အတွေးနှင့် စကားကိုတော့ လွှတ်မချခဲ့။
ရသေ့များအားလုံး ကိလေသာခေါင်းပါး ဘို့ အတွက် မီးလှုံခြင်း ၊ ရေငုတ်ခြင်း စတဲ့ ပဉ္စာတပ အကျင့်များများကို ကျင့်ကြံနေကြပါတယ်။ ကျင့်ကြံ ပုံမှာ ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန် ချမ်းအေးသော ပြာသိုလ အတွင်း သတ်မှတ်ရက် ၈ည တွင် နေရဉ္စရာ မြစ်အတွင်းသို့ သက်ဆင်းကာရေငုတ်ကြပါတယ်။
“ငါ့လိုတော့ ရဟန္တာမဟုတ်သေး”။)) ဓမ္မဂင်္ဂါ ဘလော့
အထင်တော့ ကြီး တယ် သို့သော် ထင်တစ်လုံး နဲ့ ကိုယ့်ကိုကို အထင်ကြီးခြင်း ၊ ကတော့ တရားကိုလည်းမမြင် သေးပါ..။ ဘုရားကို လည်း မမြင်သေးပါ..။
မြတ်စွာဘုရားရှင်က မဟာကရုဏာတော်နဲ့ ရသေ့များ အအေးဒဏ်မှ သက်သာစေဘို့အတွက် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူလိုက် ပါတယ်။
မြတ်စွာဘုရား က ရသေ့များခွဲလို့မကွဲသော ထင်းတုံး ၅၀၀ ကို တပြိုင်နက် ကွဲစေခြင်း၊
ရသေ့များ မွှေးမရသော မီးကိုတပြိုင်နက်တောက်လောင်စေခြင်း၊
ရသေ့များငြိမ်းမရသော မီး ၅၀၀- ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း၊
မီးအိုးကင်း-၅၀၀ ကို တစ်ပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များ ကို ပြသတော်မူခဲ့ပါတယ်။
တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ၍ ရသေ့များ ကို ဆွဲဆောင်တော် မူခဲ့ပါတယ်။
“ငါ့လိုတော့ ရဟန္တာမဟုတ်သေး”ဆိုတဲ့ စိတ်အခံကြီးလေလေ......တရားနဲ့ ဝေးလေလေ....
သို့သော်လည်း မြတ်စွာ ဘုရားရှင် ရဲ့ မဟာကရုဏာတော်ကြောင့်... ကိုယ့်ထက်သာပါတယ် လို့ ဝန်ခံ ရတဲ့ လမ်းခွဲ တစ်ခု ကိုရောက်ခဲ့တာ...
ဒီဥရုဝေလ ပဲမဟုတ်ပါလား..။ ဒီနေရဉ္စရာ ပဲမဟုတ်ပါလား..။
ယုံကြည် အထင်ကြီး လာတော့မှ ရသေ့များ အားလုံး သူတို့ရဲ့ အသုံး အဆောင်တွေကို မြစ်ထဲမျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်း အဖြစ်တောင်းခံကြပါတယ်။
ပထမ အကြိမ်မှာ ဥရုဝေလ ကဿပ နှင့်တပည့်များ ၊ ဒုတိယ အကြိမ် နဒီ ကဿပ နှင့်တပည့်များ ၊တတိယ အကြိမ် ဂယာ ကဿပနှင့်တပည့်များ သုံးသုတ်ခွဲ ပြီး သာသနာ့ဘောင် ဝင်ရောက်ကြပါတယ်။
ရသေ့တစ်ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်လာ ကြပါတယ်။
မြတ်စွာဘုရား က ရဟန်းတစ်ထောင်ကို ဆင်ဦးကင်းနဲ့သဏ္ဍန်တူတဲ့ ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယသုတ္တန် ဒေသနာကို ဟောတော်မူလေရာ ရဟန်း အားလုံး အာသဝေါကုန်ခမ်း လို့ ရဟန္တာ အဖြစ်သို့ရောက်တော် မူကြပါတယ်။
သူတို့ ရဲ့ မာန ချ ချိန် ..... အချိန်မီ သွားခဲ့ပါတယ်..။
ရှင်တစ်ထောင် ကို ချေချွတ်ပြီး ကျွတ်တန်းဝင်စေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ မေတ္တာတော် ၊ ဂုဏ်တော် အနန္တ နဲ့ စွမ်းပကားကို ခြေစုံဦးခိုက်ကြည်ညိုရပါတယ်..။
ခံစားချက်တွေ သင်္ခန်းစာတွေ စုံလင် လှတဲ့ ဥရုဝေလ ကိုနှုတ်ဆက်ခဲ့ပါတယ်...။
လမ်းမှန်တစ်ခု ကိုလျှောက် ဘို့..... ဆိုရင်.....
လမ်းမှား ကိုချန်ရစ်တဲ့......လမ်းခွဲ တစ်ခု ဆိုတာ ဘယ်နေရာမဆို လိုအပ်သည်ပဲမဟုတ်ပါလားရှင်..။
မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ- မဇ္ဈိမသုခကျောင်းတိုက် ၊ဗုဒ္စ္ဒဂါယာ
0 မှတ်ချက်ရေးရန်:
Post a Comment