Wednesday, November 15, 2017

မွန် တာ့ဇ် မဟာ Mumtaz Mahal သို့ ပေးစာ (၁)


အိန္ဒိယ ပြည် က လွမ်းမောဖွယ်ရာ....ယမုံနာမြစ် ကမ်းရဲ့ တောင်ဘက် ကမ်းပါးထက်ကနို့နှစ်ရောင် ကျောက်ဖြူသား ဂူဗိမာန် ထဲက မွန်တာ့ဇ် မဟာ ရေ...။

ရှင့် ရဲ့ ကံကောင်းခြင်းတွေကိုကျမ ချီးကျူးဂုဏ်တင်ချင်လို့ အရောက် လာခဲ့ ပါတယ်နော်..။

ကျမ တို့ မြန်မာ မှာလေ.... ချစ်ခြင်းမေတ္တာ ဆိုရင် အဓိပ္ပါယ် ဖွင့်ဆိုကြတာ.... မြတ်နိုးခြင်း ၊တန်ဘိုးထားခြင်း ၊အလေးအမြတ်ပြု ခြင်း၊ ကောင်းကျိုးလိုလား ခြင်း စတဲ့အပြုအမူ တွေကိုခေါ်တာပါ..။

ချစ်ခင် ရတဲ့ လက်တွဲဖေါ် အမျိုးသားရဲ့ ချစ်ခြင်းမေတ္တာကို တစ်ဘဝစာမက..တမလွန် ထိ အပြည့်အဝ ရရှိ ခဲ့တဲ့ ရှင့်ကို ကျမ အထင်ကြီး မိပါတယ်..။

ရုပ်နဲ့ နာမ် သာရှိတဲ့ ကျမတို့ သြကာသလောကကြီး မှာ အမျိုးသားတွေက ရုပ်တရား ကို စွဲလန်း တွယ် တာတတ်ကြတယ်..။

ကျမတို့အမျိုးသမီးတွေကတော့ နာမ် တရားကို တွယ်တာမြတ်နိုးကြတယ် လို့ကျမ ထင်ပါတယ်..။

အမျိုးသမီး တွေ ရဲ့ ရုပ်ဝတ္ထု လှပ တဲ့ ခန္ဒ္စာ အစိတ်အပိုင်းတွေ ကို မစားရဝခမန်းပြောလားပြောရဲ့ ၊

ပါးစပ်အရသာ ခံပြီး 
မြိန်ရေ .ယှက်ရေ ပြော တတ်ကြသေးတယ်..။ 

ရုပ်တရားကို သုံးဆောင်ခံစားကြတဲ့အမျိုးသားတွေ တွေ့ ရင် သူတို့ ရဲ့ သစ္စာတရားကို ကျမ အံသြဘနန်း ဖြစ်မိဘူးပါတယ်..မွန်ရေ..။

တန်ဘိုးထားမှုပျောက်ကွယ် နေခဲ့တာကိုး..။

ဒီလို အမျိုးသားတွေ ၉ ၉ % လောက်ရှိတဲ့လောကထဲ မှာ ရှင့်ချစ်သူက ရှားမှရှား တဲ့ ရှားဂျဟန် ဘုရင်ပဲနော်..။

တကယ်တော့လည်း ချစ်ခင်အားကိုးရတဲ့ အမျိုးသားရဲ့ မြတ်နိုးတန်ဘိုးထားမှုကိုရရှိပိုင်ဆိုင်ရတဲ့အမျိုးသမီး လောက် ကံကောင်းတာ.......

စိတ်လုံခြုံအေးမြ စေတာ ဘယ် မှာ ရှိမှာလဲ မွန်ရယ်..။ဒါကြောင့်လည်းရှင့်ဆီ ကျမရောက်လာခဲ့တယ်..။

ကမ္ဘာ မှာ ထူးဆန်းလှပ တဲ့ ဗိသုကာလက်ရာ...

UNESCO Heritage ကမ္ဘာ့အမွေအနှစ် အဆောက်အဦကိုကြည့်ဘို့ ထက် ......

မွန်တို့ ရှားဂျဟန် တို့ ရဲ့ နှလုံးသားကို ကျမ ခံစား ထိတွေ့ ဘူးချင်လို့ ဆိုရင် မှန်ပါတယ် မွန်…။

ကျမ တို့ မြန်မာ ကမိန်းမသားတွေ ကကံမကောင်းကြဘူး..။

ကျမ သိဘူးတဲ့ သမိုင်းကြောင်း ထဲက ဘုရင် တစ်ပါးဆိုရင်….သူ့နာမည် က ရာဇာဓိရာဇ် လို့ ခေါ်တယ်..။

စစ်တိုက်သိပ်တော် တဲ့ သူ့ ရဲ့ သူရဲကောင်း လဂွန်းအိမ် ကို မြတ်နိုးလွန်းလို့ တဲ့..
သူ့မိဘုရား ...
တလသုဒ္စ္ဒ မာယာ မိဘုရားကိုပေး ပစ်လိုက်တာ….သူပိုင်တဲ့ သက်မဲ့ ပစ္စည်းတစ်ခု လိုပါ..မွန်..။

သူရဲကောင်းယောင်္ကျားရင့်မကြီး လဂွန်းအိမ်ကလည်း ဘုရင် သူ့ကို ချစ်မချစ်စမ်းသပ်ချင်လို့ မိဘုရားကို တောင်းလိုက်တာဆိုပဲ..။

သူတို့ လောင်းကြေးထပ်တဲ့ ပစ္စည်း ဟာ အင်မတန် ခံစားတတ်တဲ့ မိန်းမသား တစ်ဦးရဲ့ နှလုံးသားဖြစ်နေတာ ..သူရဲကောင်းဘုရင် တွေ ထည့်တွက်ခဲ့ပုံမရပါဘူးမွန်..။

မွန်ရေ..မိန်းမသားတို့နှလုံးသားဟာ အမျိုးသားတွေ ခြေစမ်းပွဲ အဖြစ် အကန်ခံရတဲ့ ဘောလုံး လေး လို ဘဝမျိုး လို့ ကျမ ခံစားရတယ် မွန်ရေ..။

တလသုဒ္စ္ဒမာယာ မိဘုရား က နောင်တစ်ချိန် ဘုရင်မ ဖြစ်လာမဲ့ ရှင်စော ပုရဲ့ မယ်မယ်ပါ..။

သူကောဘာထူးလဲ..စစ်ပြေငြိမ်း ရေးလက်ဆောင်အနေနဲ့ အင်းဝ ဘုရင် ထံပါးမှာ လက်ဆောင် အဖြစ်နေခဲ့ရတာ..။

ရာဇဓိရာဇ် ဘုရင်....သူပဲ လေ…..သူ့ရဲ့ ငယ်ချစ်..မိဘုရား…ကိုကော......ရက်စက်ခဲ့တာပါပဲ..။

ငယ်ချစ်မိဘုရား တလမည်ဒေါ ဆိုရင် သူ့ကို ငယ်သံယောဇဉ် နဲ့ ချစ်လွန်းလို့ သူပေးခဲ့ဘူးတဲ့ လက်ဝတ်လက်စားတွေ အမြဲတမ်း ဆံထုံးထဲ မှာ ထည့်သွင်းပန်ဆင် တာကိုမှမထောက်ညှာ…..ခဲ့လေတာ..။

နောက်တစ်ယောက်အသစ် ဖြစ် တဲ့ မောဓောစေတီစောင်းတန်းမှာ ပန်းရောင်းတဲ့ မွေမနိတ် တဲ့ ၊ သူ့ကို အတွေ့ မှာ ဒီရတနာတွေကို တောင်းစေ အမိန့်ထုတ်ပြီး အချစ်သစ်ကိုပေးသတဲ့..။

နာမ် တရားကိုခံစားတတ်တဲ့ ကျမတို့မိန်းမသားတွေ ဟာ…..ဆောက်တည်ရာမဲ့ဖြစ်ရတော့တာ..တလမည်ဒေါ အဆိပ်သောက်သေခဲ့တာ…. ချစ်ခြင်းမေတ္တာ ဆုံးပါးပျောက်ရှ သလို… တန်ဘိုးထားခံရမှု…. အလေးအမြတ်ပြု ခံရမှုပျောက်ဆုံး သွားတာ…။

နောက်ဆုံး မူးမတ်ဗိုလ် ပါတွေ ရဲ့ ရှေ့ မှောက်မှာ ရှက်ဖွယ်လိလိ ဖြစ်ရတာ….. ....

မိန်းမသားတစ်ယောက်ရဲ့ ....တန်ဘိုး သုညထိ ထိုးကျ သွား တဲ့ အခြေအနေ တစ်ခု ကိုသူဘယ်ရင်ဆိုင်နိုင်ပါ့မလဲ မွန်ရယ်..။ 

ဒီလို ဘုရင်တွေ အများကြီးပါပဲ မွန်…… ကျမတို့မြန်မာ မှာ မိန်းမ ဖြစ်ရတာ ယောင်္ကျားတွေ လို သလို ကစား တဲ့သက်မဲ့ ဘောလုံးလေး တွေ လို ကန်လိုကန် မြှောက်လိုမြှောက်….ပစ်လိုပစ်….. ချစ်ခြင်းမေတ္တာ ဆိုတာမရှိကြပါဘူး မွန်ရယ်..။

ဒါကြောင့် ကျမ ရှင့်ကို ကံကောင်းတယ်လို့ပြောတာ ကျမ မလွန်ပါဘူးနော်..။

မွန်ရေ…

မနေ့က မွန် တို့ ရဲ့ Taj Mahal ကို စိတ်ကူးနဲ့ အလည်ရောက်လိုက်တာ..ဒီနေ့တော့ လူကိုယ်တိုင်လာခဲ့ပါတယ်..။ မနက်ခင်းစောစော နယူးဒေလီက ထွက်လာချိန် ဟာ လမ်းတစ်လျှောက်လုံး မြူခိုးတွေ ခြုံလွှမ်း လွမ်းစရာကောင်း လှပါတယ်… မွန်ရေ။

လမ်းမီးတွေတောင်မပိတ်သေးတော့ အလင်းမီးက မှုံပျပျ နဲ့ ရှေ့ရှု ထွက်ခွာခဲ့ပါတယ်..။

Taj Mahal ဆိုတာကတော့ ပါရှန် နဲ့ အာရပ် ဘာသာစကား အရ..Taj = Crown , Mahal = Palace လို့ အဓိပ္ပါယ်ရတာပေါ့နော်..။ ကျမ တို့မြန်မာ ဘာသာ နဲ့ ဆိုရင်တော့သရဖူနန်းတော် လို့ခေါ်ဆိုရမယ် ထင်ပါတယ်..။
New Delhi နဲ့ ကားလမ်းအားဖြင့် ၂၂၄ ကီလို မီတာ ဝေးကွာ တယ် ဆိုတော့ ကျမ တို့ ကားကို ၂နာရီခွဲလောက်နီးပါးလောက်တော့စီးလိုက်ရပါတယ်..။ ဒီကြားထဲ မှာ ကျမ ဟာ မွန် တို့ရဲ့ အတိတ်ကို စိတ်ကူးနယ် ချဲ့မိပါတယ်..။

ကြာခဲ့ပါပကောလားမွန်….၁၆၃၁ ဆိုတဲ့ခရစ်သက္ကရာဇ် ဆိုတော့ နှစ်ပေါင်း ၄၀၀ ကျော်က အချစ် ဇာတ်လမ်း တစ်ခုပေါ့နော်..။ တကယ်တော့မွန့်ရဲ့ နာမည် ရင်း က Arjumand Banu မဟုတ်လား ။ ဧပြီလ ၂၇ ရက် ၊ ၁၅၉ ၃ ခုနှစ် အက်ဂရာ မြို့ မှာမွေးဖွားခဲ့တာ..။ချမ်းသာ တဲ့မူးမတ်မျိုးရိုးကဆင်းသက်လာတာ။ မွန့် ခမည်းတော်က ရှားဂျဟန် နန်းတော် ထဲက ဝန်ကြီးချုပ် အဆင့် တော့ရှိလိမ့်မယ်။

Mumtaz လို့ ဘာလို့ခေါ်တာလဲ ကျမသိချင်မိတယ်..။ Mahal = Palace ဆိုတာ ကျမ သိခဲ့ပြီးဖြစ်ပါတယ် မွန်…။ Mumtaz ဆိုတာကတော့ အကောင်းဆုံး အလှဆုံးလို့ အဓိပ္ပါယ်ရတာမို့

"the Exalted One of the palace မွန်ဟာ နန်းတော် ထဲ မှာ အကောင်းဆုံး အလှပဆုံး ဘွဲ့ ကိုဘုရင် ရှားဂျဟန် ကပေးခဲ့တာကိုး..။
ဟိန္ဒူ ဘာ သာ နဲ့ exalted ဆိုတဲ့ စကားလုံးကိုရှာကြည့်မယ် ဆိုရင်…

Definitions and Meaning of exalted in English. adjective. of high moral or intellectual value; elevated in nature or style.
လို့တွေ့ ရပါတယ်..။ မွန်တာ့ဇ် လို့ကျမ တို့ဘာသာ နဲ့ ပြန်ရေးလိုက်ရင် လည်းမွန်မြတ်သော အသိဥာဏ်ပိုင်းဆိုင်ရာ မြင့်မားသော စိတ်ပိုင်းဆိုင်ရာတန်ဘိုးထားမှု တွေ နဲ့ ညွှန်းဆိုအပ် တဲ့နာမည် စကားလုံးလေးဖြစ်လာတော့တာပဲ မွန်..ကျမ နှစ်သက်မိတယ်..။

မွန် တို့ရဲ့ Taj Mahal ကိုကျမ နှစ်သက်တဲ့ ကဗျာ ဆရာ ရာဘင်ဒြာတန် တဂိုးက "A Teardrop on the Cheek of Time"” အချိန်ဆိုတဲ့ပါးပြင်ပေါ် က လဘက်ရည်ချို တစ်စက်လို့ ဘာသာပြန်ရမယ် ထင်တယ် မွန်..။

မွန် က ရှားဂျဟန် နဲ့ လက်ထပ်ချိန် မှာ အသက် ၁၅နှစ်ကျော်ကျော်ပဲရှိအုံးမယ်..။ သေဆုံးချိန် မှာ အသက် ၃၉ နှစ်…. ၁၄ယောက်မြောက် ကလေးကိုမွေး ခဲ့ချိန် မှာ ဆိုတော့..မိန်းမသားတစ်ယောက်ရဲ့ အာဝေနိက ဒုက္ခ တွေ ဘယ်လောက် ခံစားရလိမ့်မယ် ဆိုတာကျမ ခန့်မှန်းမိပါတယ် မွန်..။

ရှင့်အပေါ်ကျရောက် တဲ့ချစ်ခြင်းမေတ္တာ နဲ့ မသေခင် မှာ မွန် ရဲ့ တောင်း ဆိုမှုကြောင့် ပေါ်ပေါက် လာတဲ့ ဒီအဆောက်အဦ ဟာ ချစ်ခြင်းမေတ္တာ နဲ့ခြုံလွှမ်း နေမယ် လို့ကျမခံစားရပါတယ်..။

Taj Mahal ဟာ ချစ်ခြင်းမေတ္တာ အရ ကြီးမားခန့်ထည်သလို ရှားဂျဟန် နဲ့ အတတ်ပညာတွေ ကလည်းနက်ရှိုင်း စွာ ပါဝင်နေတာကျမ တွေ့ရတယ် မွန်..။

တကယ်ဆို အမျိုးသားတွေဟာ မေ့လွယ်ပျောက်လွယ် အသစ် အာရုံတွေ နဲ့ ပျော်မွေ့ တတ်ကြပေမဲ့ ရှားဂျဟန် ဟာ မွန်သေပြီး ၂၂ နှစ်တာကာလ ပတ် လုံး ဂူဗိမာန် တည်ဆောက်ရေး နဲ့ ဘဝကိုနစ်မြုပ်စေခဲ့တယ် ဆိုတာ ကျမ အထင်အရှားတွေ့ ခဲ့ရတယ် မွန်..။။

ဘုရင် ဧကရာဇ် ဆိုတာ သူများ ကိုခိုင်း လို့ ရတာပဲ.. သို့သော်လည်းသူကိုယ်တိုင်ကကို ပညာ ရှင် တစ်ယောက် ဖြစ်တယ် ဆိုတာက အဲဒီရောက်မှ ကျမသိရတယ် ဆိုတာ တမလွန်က မွန့်ကိုကျမ ပြော ချင် မိပါတယ်..။

၁၆ ၃၁ မှာ စတင်ဆောက်လုပ်တာ.. ၂၂နှစ်တောင်ကြာတယ် ဆိုတော့ ၁၆၅၃ မှာ ပြီးစီးခဲ့တာ..။

ကျမဝင်လာတဲ့ မြောက်ဘက် ဂိတ် တံခါး ကအဆောက်အဦအပေါ် မှာ ကျောက်တုံး ၂၂ တုံးကျမတွေ့ ခဲ့တယ်..။ သူကအမှတ်အသားနဲ့ တစ်နှစ်ပြီးတိုင်းတစ်တုံး တင် ခဲ့တာကိုး..။

အင်မတန်လှပတဲ့ ဥယျာဉ် တစ်ခု လည်းပါသေးတာပဲ မွန်…။ ရှင် တို့ ဘာသာတရားအရဝမ်းနည်း တယ် ဆိုရင်အထိန်းအမှတ်အဖြစ် ဆိုက်ပရပ်စ်ပ် တွေ စိုက်ရတယ် ဆိုပဲ..။

ဖြောင့်တန်းတိကျ တဲ့ ဆိုက်ပရပ်စ်ပင်တွေကြားက ကျောက်ဖြူသားနန်းတော်… အထက် မှာ လည်း၁၀မီတာမြင့်ပြီး ရွှေသား ၄၀၀ ကီလို ဂရမ် နဲ့ တဲ့..စုလစ်မွန်း ချွန် ဆို့ ကျမ တို့ မြန်မာ မှာ ခေါ် တဲ့ Panicle of Dome ကိုတည်ဆောက်ခဲ့တာ..။

ဒါပေမဲ့ မွန်ရေ.. အင်ဒီးယား ဟာ ဗြိတိသျှကိုလို နီ အောက်ရောက်တော့ သူတို့ က ဒီ ရွှေ ၄၀၀ ကီလို ဂရမ် ကို ဖြူတ်ယူလိုက်ကြတော့တာ…။

ကျမ တို့မြန်မာ မှာလည်းပတ္တမြားငမောက် တို့ အဘိုးတန်ရတနာ တွေ ပါသွား ခဲ့ တာ..။ ကျမ တို့ ကိုလို နီ ဘဝ တူတွေပါ..။

အခု ကျမ ရှင့်ဂူဗိမာန်ကို ရောက်တဲ့အချိန် မှာတော့ကြေး ရောင် မှိန်မှိန်သာတွေ့ ရပါတော့တယ်..။

ဒါပေမဲ့လည်းသူတို့ ကရွှေတွေ ယူသွားပေမဲ့ရှင်တို့အချစ် ကိုတော့မှေးမှိန်အောင်မလုပ်နိုင်ပါဘူးကွယ်။

နောက်ပြီး ရှင့်ချစ်သူ ဘုရင် ရှားဂျဟန် ရဲ့ကိုယ်ပိုင်အတတ်ပညာ Calligraphy ကိုကျမ တွေ့ ခဲ့ရတော့လက်ဖျားခါမိတယ်..။

Calligraphy ဆိုတာ စိတ်တည်ညိမ်ရတယ်... အနုပညာဆန်ရတယ်..။ စာလုံးတွေက ညီညာနေရတယ်..။ အင်မတန်ခက်ပါတယ်..။ ကျမ တို့ ဆို တက္ကသိုလ် တက်တုံး က လေ့ကျင့်ဘူးတယ်..။ ရှား ဂျဟန်ကတော့ မာဘယ်ကျောက်သားပေါ် မှာရေးရတာ လေ..ပိုခက်ပေမပေါ့..။

သူက အီရန် နိုင်ငံကနေ ဒီလို လှပတဲ့လက်ရေးစာလုံး ရေးနည်းကိုသင်ကြား ခဲ့တာ..။
ကျောက်သားနံရံတွေ မှာ ရေးထားတဲ့လက်ရေးတွေ...။

ရှင့်ဂူဗိမာန် ရဲ့ လေးဘက်လေးတန် တစ်ခု မှ မတိမ်းမစောင်းမလွဲချော် စေရပါဘူးမွန်..။

ခြံရံထားတဲ့ တိုင်လေးတိုင်က လည်းငလျင်ဒဏ်ခံနိုင်ဘို့ အပြင်ဘက်ကို ၄ ဒီဂရီ စောင်းထား တဲ့အထိ အတိအကျ စီစဉ် ခဲ့တာပါ..။

ရှင် တမလွန် က နေကျေနပ်ပါ..။

ကျမ ကတော့ စိုက်ပျိုးရေးသမားဆိုတော့ ကိုယ့်အနားမှာ ထာဝရဝမ်းနည်းခြင်း ကို ပြသနေ မဲ့ အထိန်းအမှတ်ဆိုက်ပရပ်စ်ပင်တွေ စိုက်ပေးမဲ့ သူ ရှိတဲ့ ရှင့်ဘဝကို ကျမ အားကျ မိတာအမှန်ပါပဲမွန်ရေ..။

လှပတဲ့ ဆိုက်ပရပ်စ်ပင်တန်းတွေ..ကဖြောင့်တန်းညီညာနေလိုက်တာ..။

ကောင်းကင်ဘုံ ကအတိုင်းပါပဲဆိုတဲ့ ရေကန်ဖန်တီးမှု တွေ…။

အကျော်ကြားဆုံး လက်ရာကတော့ Inlay Work လို့ခေါ်တဲ့ မာဘယ်ကျောက်ပြားပေါ် မှာ ကြာပန်း၊ စပယ်ဖြူ စတဲ့ ပန်းပုံ့တွေကို အဘိုးတန်ကျောက်မျက်တွေ ထွင်းထုပြီွး မြှုပ်ပြီး တန်ဆာ ဆင်တာ က ဒီအဆောက်အဦရဲ့ အနှစ်သာရဖြစ်နေတယ် မွန်..။

ဒီကျောက်ဖြူသားတွေက အလင်းပေါက် နိုင်တာမို့ လို့ လပြည့် တဲ့ လသာညတွေ မှာ ရှင်တို့ ဂူဗိမာန် ဟာ ကိုယ်ပိုင်ကျောက်သားအလင်းရောင်တွေ နဲ့ လင်းလက်နေသတဲ့…။
ရှင်တို့ ရဲ့ ဂူ နှစ်ခု စလုံးပေါ်ကိုလည်း လှပစွာ..ကဗျာဆန်လှစွာ....လရောင်ကဖြာကျနေသတဲ့လေ...။

မွန်ရေ…

မွန်တို့ ရဲ့ မာဘယ် ကျောက်ဖြူသားတွေ ပေါ်မှာ ထွင်းထုပြီး အလှဆင်တဲ့
Inlay Work , Marble art work လုပ်ငန်း ခွင် ကို စိတ်ဝင်စားတာ နဲ့ လေ့လာခဲ့ပါသေးတယ်…။ ပထမ ဆုံး ကျောက်ဖြူသားပေါ် မှာ ပန်းနွယ် ပန်းခက်တွေကို ခဲ နဲ့ ဆွဲရတယ်..။

သစ်ရွက် တစ်ရွက်ချင်း ၊ ပွင့်ဖတ် တစ်ခု ချင်း မှာ အရောင်အလိုက် ထည့်သွင်း မဲ့ သဘာဝ ရောင်စုံ ကျောက်ပြားလေးတွေကို အပြားပြုလုပ်ပြီး အံဝဝ်အောင် ကျောက်သွေး စက် နဲ့ အသာအယာသွေးရတယ်..။ ပြီးမှ ကော်နဲ့ ကပ်ရပါတယ် တဲ့..။

ပန်းခက် တစ်ခု လုံး ပြီး ကာမှ ဆောက်အသေး လေး နဲ့ တစ်ခုလုံး ကော်ထုတ်ပြီး မျက်နှာပြင်တစ်သားထဲဖြစ်အောင် ပြန်ကပ်ထားတာဖြစ်ပါတယ်..။ အဲဒီကလုပ်ငန်းရှင်က မေးတယ် လေ…. မင်းတို့တိုင်းပြည်မှာ အခု လို အနှစ် ၄၀၀ မပြော နဲ့ အနှစ် ၁၀၀ ခံ တဲ့ ကော် မျိုးရှိပါသလား တဲ့..။ မရှိပါဘူးလို့ ကျမ ကဖြေ တဲ့အခါ..သူက ကျေနပ်ဂုဏ်ယူတဲ့အပြုံး နဲ့ ပေါ့..။

ငါတို့ အက်ဂရာ မြို့ ကဘိုးဘေးဘီဘင်တွေက လေ… ဒီ ကော်လုပ်တဲ့ နည်းကို တီထွင်ခဲ့တယ် တဲ့..။ အခုလည်း Inlay Work , Marble art work လုပ်ငန်းကိုအစိုးရ ကထောက်ပံ့ အားပေးတယ် ။ 40 % Subsidized လုပ်ပေးပါတယ်..။

မွန်တို့ ဂူဗိမာန် ကိုကာရံထားတဲ့ နံရံလေးဘက် က ကျောက်ဖြူသား မှာမြှုပ်ထားတဲ့ပန်းတွေက နေတဆင့် နာမည် ရသွားတဲ့ အခုမျက်မှောက် ကာလအခြေအနေ တွေ ကိုပြောပြတာပါမွန်..။

အခုဆို အဲဒီဒေသ သားတွေ ရဲ့ အနုပညာ ပစ္စည်းအဖြစ် တခြားသော တိုင်းပြည်များကို တင်ပို့ နိုင်နေပြီ ပေါ့လေ..။

ကျမ လည်း မွန်တို့ ရဲ့ အချစ်သင်္ကေတ အဆောက်အဦရှေ့ မှာ ဓာတ်ပုံရိုက်ခဲ့ပါတယ်..။ ကြည့်ကြတဲ့သူတွေက တော့ ..(ပင်ပန်းနေသလား…. သင်လွမ်းနေသလား) တဲ့..။

လွမ်း တယ်ဆိုရင်တောင်ဘယ်ဆီလွမ်းမိ..တပ်မသိပါမွန်ရေ..။ ကျမ ကတော့…အချစ်တွေ..အလွမ်းတွေ နဲ့ ကင်းလွတ် တဲ့နယ်မြေ သို့ဦးတည်ချီတက် နေတဲ့သူပဲ မွန် ရေ…. ဘယ် လွမ်း ချင်ပါ့မလဲ..။

ခံစားချက် တစ်စုံတစ်ရာကြောင့် စွဲလန်း ရတဲ့ ဥပါဒါန်တွေ ဆိုတာ…… ….စိတ်ညစ်စရာဖြစ်ပစေ..ပျော်စရာ ဖြစ်ပစေစိတ်နှလုံးသားကို ဖြတ်သွားရတိုင်း နာကျင်ရတာ ချည်းပါပဲမွန်..။

မွန်..ရဲ့ အချစ်ခံရမှု..ကို ကံကောင်းတယ် ရယ်လို့ အမျိုးသမီး တိုင်း သတ်မှတ်ခံစားကြတယ် မွန်…ကျမ လည်း ခံစားကြည့်ပါတယ်..။ မိန်းမသား ချင်း အားကျ မိပါတယ်..။

ပြိုင်ဆိုင် လိုစိတ်တော့မဟုတ်ပါ မွန်..။ ကိုယ့် အားနည်းချက်ကို ကိုယ် ပြန်ဆင်ခြင် နိုင်လေလေ…. လောကမှာ ကိုယ်မရရှိတာ တွေမပိုင်ဆိုင်ရတာတွေအတွက်… သည်းခံစိတ်ထားနိုင်လေလေဆိုတော့လည်း… ကိုယ်ညံ့တာ ကိုယ်တွေးပါတယ် ရယ်လို့ ကျမ ကိုယ် ကျမ နှစ်သိမ့် မိပါတယ် မွန်..။

ကျမ က ဝန်ကြီး ချုပ်…. သမီးတော် တစ်ယောက်မဟုတ်သလို..အလွန်ချောမောလှပ တဲ့ သူလည်းမဟုတ်ခဲ့ပါဘူး..။ ဒီတော့လည်း မြတ်နိုးမဲ့သူမရှိ တဲ့ ဘဝကို ကြောင်းကျိုးဆင်ခြင်နိုင်ခဲ့တယ်..။

အခုဆိုရင်လေ.. ကျမ ကတော့ အချစ်ခံ ရဘို့ ထက် မေတ္တာစစ်နဲ့ ကိုယ်က ချစ်နိုင်ဘို့ ကြိုးစားတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်..။ လောကကိုကျေးဇူးရှင်အဖြစ်ရှုမြင်ပြီး လောကကို ပါရမီချစ် နဲ့ ချစ်နိုင်အောင်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ် မွန်..။
လောကမှာအနေကြာလေလေ…. ချစ်ခြင်းမေတ္တာ ငတ်မွတ် တဲ့ လူတွေ ပေါလေလေ ဆိုတာကျမ သိလာရပါတယ်မွန်..။

ကျမ တို့ ဘာသာရေးအဆုံးအမ မှာတော့ မေတ္တာ နဲ့ မဟုတ်တဲ့ ရယူလိုစိတ်နဲ့ ချစ်တဲ့ ချစ်ခြင်းသမုဒယ မှန်သမျှ ဒုက္ခ လို့ သင်ကြားပေးတယ် မွန်..။
ချစ်စရာတစ်ခုရှိရင်…. ဒုက္ခ တစ်ခု ရှိပြီး ချစ်စရာ ဆယ် ခုရှိရင် ဒုက္ခ ၁၀မျိုးရှိပါသတဲ့..။

အချစ်တွေများလို့ အားကျစရာဘာမှာမရှိဘူး။ အကုန်လုံး ဒုက္ခတွေ ချည်းပါပဲ။တကယ်တော့မွန် ရေ..ဒုက္ခဆိုတာ အကျိုးတရားပါပဲ။အဲဒီကျိုးတရားကိုအရင်ပြပြီးတော့မှ အဲဒီဒုက္ခ ဘာကြောင့်ဖြစ်သတုန်းလို့စဉ်းစားတဲ့ အချိန်ကျတော့ အဓိကဇာတ်လိုက်ကို ဆွဲထုတ်ပြလိုက်တာပေါ့…။ ဇာတ်လိုက်ကျော်ကြီးက တော့ တဏှာပါ။

(ဒုက္ခသောင်းပြောင်း တရားပေါင်းလည်း အကြောင်းမဲ့စွာ မဖြစ်ရာရှင့်)

(ဗြဟ္မာနတ်မင်း ဖန်ဆင်းမပြု ဆင်ခြင်မှုကျမ်း တဏှာစွမ်းကြောင့် ပရမ်းပတာ ဖြစ်ကြရာသော သမုဒယော)

*မာနိတာ ယတ္တကာ ယဿ ဒုက္ခတာ တဿ တတ္တကာ၊ကိံနု နော ဒုက္ခဘာယန္တာ ၊ပီယမှာ စ အဘီရုနော။*

(ယဿ- ချစ်လျှင်ပျော်နိုး၊ချစ်စပျိုး၍ ၊ချစ်ရိုးချစ်စဉ် အကြင်ပုထုဇဉ် ၏ ၊

မာနိတာ-မြတ်နိုးစုံမက် နှစ်သက်ဖွယ်ရာ ၊အဖြာဖြာတို့သည်၊

ယတ္တကာ-တစ်နှစ်သုံးလေး ဂဏန်းရေး က စစ်တွေးဆက်ပွား အကြင်မျှလောက်များကုန်၏။

တဿ-ချစ်လျှင်ပျော်မည့်အထင်ရှိ၍ ခင်မိခင်ရာ ခင်ကြရှာတောင်း ထိုပုထုဇဉ် အပေါင်း၏

ဒုက္ခတာ- မကင်းစမြဲ အတင်းတွဲ၍ ဆင်းရဲရန်ကြောင်း ဒဏ်အပေါင်းသည် ..

တတ္တကာ-ချစ်ချစ်သမျှ တစ်နှစ်ကလျှင် စ၍ တွက်ရေ ထိုမျှလောက်ပင်များပြားလေကုန်၏။

နော-သူတော်သူမြတ် အတူမှတ်၍ လူဇာတ်ရှောင်သွေ တို့တစ်တွေသည်
ဒုက္ခဘာယန္တာ-ဒုက္ခမြောက်မြား ရောက်မသွားဘို့ ထောက်ထားထိုထို ကြောက်အားပိုကြပါကုန်လျက်

ပိယမှာ စ-ဒုက္ခဖြစ်ကြောင်း အချစ်အပေါင်းမှကား

ကိံနုအဘီရုနော-မကြောက်နိုင်ပဲရဲကြီးရဲ၍ အမြဲပုံသေ အဘယ်ကြောင့် ချစ်ခင်၍ နေဝံ့ကြလေကုန်သတည်း။

ကျမ ရင်ထဲထိရှခံစား၊သိမ်းဆည်းသွားစေတဲ့ကဗျာလေးပါမွန် ရေ..။ကျမ တို့ လေးစားကြည်ညိုရတဲ့ တောင်မြို့ ဆရာတော်ဘုရားကြီးရေးခဲ့တာပါ..။

ချစ်လျှင်ပျော်မိ အထင်ဆိုတာလည်းမရှိတော့ပါဘူးလေ။

တဏှာလျော့လေ--ဒုက္ခလျော့လေ။ တဏှာ နည်းလေ---ဒုက္ခနည်းလေ။ ဆိုတာ ကျမ တို့ ကျင့် သုံးနေထိုင်တဲ့ ကျင်စဉ်ပါမွန်..။

တကယ်လို့ သာ မွန် မွေးခဲ့တဲ့ သားတော်၊ သမီးတော် တွေကို စစ်မှန်တဲ့မေတ္တာ ကိုသင်ကြား ပေးခဲ့မယ် ဆိုရင်သိပ်ကောင်းခဲ့မယ် ။

နောက်ပြီး မွန့် ကိုမေတ္တာစစ်စစ် ထားခဲ့တဲ့ ရှားဂျဟန် ဘုရင် ကြီးလည်းသားတွေ က ၈နှစ်တာ ထောင်သွင်းအကျဉ်းချတာ ခံရမှာ မဟုတ်ဘူး..။

သူတို့ကြောင့်ပဲ မွန်တောင်းဆိုခဲ့တဲ့ … နှစ်စဉ် တစ်နှစ်တစ်ခေါက် ဂူဗိမာန်ကိုလာခဲ့ပါဆိုတဲ့ ကတိလည်း ပျက်ခဲ့ရတာ ပဲမဟုတ်လား..။မင်းတို့အမေ လေ..ဆိုတဲ့စကားကတောင် သူတို့ တဏှာကိုမတိုးနိုင်ခဲ့ပါ မွန်..။

ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး အာဏာ ၊ ထီးနန်းစည်းစိမ် လိုချင်မှု တဏှာ နဲ့ ညီအစ်ကိုချင်း ပြန်သတ်တဲ့ ကိစ္စ တွေ မရှိ အောင်လည်းမွန် ကသင်ကြားပေးနိုင်မယ်လို့ကျမ ထင်ပါတယ်..။

တကယ်တော့ မွန် ရေ…. ရှင်နဲ့ ကျမ ယုံကြည်ကိုးကွယ် တဲ့ ဘာသာတွေ မတူ ကြပါဘူး..။

ဘဝပန်းတိုင် ရည်ရွယ်ချက်လည်းမတူကြပါဘူးမွန်..။

သို့သော်လည်း ကျမတို့နေထိုင်ရာ ကမ္ဘာကြီးမှာလေ...လူတွေ အတွက် အမှန်တကယ် လိုအပ်တဲ့ မေတ္တာတရားဆိုတာ ….. ရှိပါတယ်..။

နာမကျန်းတဲ့ကမ္ဘာကြီးကိုကုစားဘို့ တကယ်ကိုလိုအပ်နေတာပါ..။

မေတ္တာဆိုတာ....ဘာသာစကား တွေ…. လူမျိုးတွေ..အသားအရောင်တွေ..နေရာဒေသတွေ မကွဲပြားပဲ သက်ရှိ မှန်ရင် နားလည် ခံစား နိုင်တယ်လေ..။

တစ်ခါ တစ်ခါ ..သက်မဲ့တွေကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိပါသတဲ့..။

နောက်ဆုံး…ကျမ ဆုတောင်းချင်တာ က လေ……

ကိုယ့်ဘက်ကိုယ်သာ ကိုယ်ကြည့်ပြီး..လိုချင် မှုတဏှာ နဲ့ ရယူသိမ်းပိုက်လိုတဲ့ တဏှာ တွေနည်းပါးအောင်….

ရှင့်ချစ်သူလို..ပေးဆပ် လို တဲ့ ..ရယူလို လိုမှု နည်းတဲ့ ချစ်ခြင်းမေတ္တာတွေ……ကို လေ…

ရှင်တို့ ဂူဗိမာန် ဘေးက စီးဆင်းနေတဲ့ ယမုံနာ မြစ် ကတဆင့် စီးဆင်းပြီး လူ့လောကတစ်ခွင်တစ်ပြင်ကို ရောက်ရှိစေချင်ပါတယ် မွန်..။

တကယ်တော့ တပ်ဂ်ျမဟာ ဆိုတာ…. ဖြူစင်စွာ ပေးဆပ် ချင် စိတ် နဲ့ လေးနက် တဲ့ မေတ္တာတရားကို အခိုင်အမာ သင်ကြားပေးနေတဲ့ နေရာလေးပါလို့ ကျမ မှတ်တမ်း ဖွဲ့ ညွှန်းဆိုပါတယ် မွန်..။

တမလွန်ကနေ.... ရှင် ကျေနပ်နိုင်ပါစေ..။

ခေတ္တ... ရာ့ဂ်ျ ဟိုတယ်၊ နယူးဒေလီ

0 မှတ်ချက်ရေးရန်: