Wednesday, June 5, 2019

(( လောက ၌ အကဲ့ရဲ့ လွတ်သောသူမရှိ …))- ဓမ္မပဒ ဂါထာ -၂၂၇



ဒီပိုစ့်ကို ..ရေးပြီး ပြန်ရှာမရဖြစ်နေခဲ့တာ...။

ဒီနေ့မနက် ရှယ်သူတစ်ဦးကြောင့်..... ပြန်တက်လာတာ တွေ့တော့ဝမ်းသာရပါတယ်..။

ကျမ မှာတော့ ကဲ့ရဲ့ခြင်းကို ခံနိုင်ရည်မရှိတာမဟုတ်......
ကိုယ်လုပ်နေတာတွေ..အကျိုးရှိရဲ့လား....သူတို့ပြောသလိုလားဆိုတာ ဖြစ်လာခဲ့ရင် ..
ဘဝလမ်းကြောင်း ဆိုတာ ပြောင်းသင့်ရင်လည်းပြောင်းရမှာ....လို့တွေးတာပါ...။

အခုတော့ လတ်တလော..ဓမ္မပဒဂါထာ - ၂၂၇ ကိုနှလုံးသွင်းဆင်ခြင်ပါတယ်..။
ဓမ္မပဒ ဂါထာ - ၂၂၇
==============
ချီးမွမ်းခြင်း..နှစ်သက်သဘောကျခြင်း ….. ဆိုတာ ကိုနှစ်သက်တတ်တဲ့ လူ တို့ဟာ…ကောင်းတာတွေ လုပ်နေတဲ့အခါ … ငါ့ကိုတော့ချီးကျူး ကြမှာ ကျေးဇူးတွေ လည်းတင်ကြမှာ ထင်နေတတ်ကြပါတယ်..။ မျှော်လင့်ထားတတ်ကြပါတယ်။ ကျမ အပါအဝင်ပါ..။

တကယ်တော့ လူတွေ ဟာ သူတို့ ရင်ထဲ မှာ အရင်ကသိဘူးတဲ့ အရင်က ကိန်းထားတဲ့အသိ နဲ့ ချိန်ထိုးပြီး ဝေဖန်ဘို့ ဆုံးဖြတ်ဘို့ စောင့်ကြည့်နေတယ် ဆိုတာကတော့ တကယ့် အမှန်တ ရားပါ..။

ထိုဝေဖန်ချက်က မမျှော်လင့်တဲ့နေရာကထွက်ပေါ်လာတတ်ပြီး ကြည်လင်နေတဲ့ သဒ္စ္ဒါ တရားကို ညစ်ညူးနောက်ကျိသော ဒေါသ သည်မွှေ နှောက် တတ်တာ တွေ့ ကြုံရတဲ့ကျမ ကတော့…..ကျမ ရဲ့ ကိုယ်ခံအား ခံစစ်တွေ ကိုစစ်ဆေးရပါတော့တယ်..။

ကျေးဇူးတင်လိုက်တာ…ဆိုတာ ထက် ဟုတ်ပါ့မလား ကွယ်..ဆိုတဲ့… စကားတွေကို ကြိုတင် မျှော်လင့်ထားဘို့ ..တည်ကြည်စွာတုန့်ပြန် ဘို့ ကိုလည်း ကြိုတင်ပြင်ဆင် ရပါတော့တယ်..။

အကုသိုလ် ဆိုသည်မှာ……. မျှော်လင့်တာ နဲ့ ဖြစ်လာတာ ကွာဟ ချက်ပေါ်တိုင်း ထွက်ပေါ် လာတတ်သည်မို့ အစကတတတည်းက ဖြတ်တတ်တာ ပဲလေ…. လောကသဘာဝ ပါပဲလို့ နှလုံးသွင်းဆင်ခြင်ခြင်းသည်အကောင်းဆုံး လို့ ကျမ ကိုယ်ကျမ ဆုံးမ ရ ပါတယ်..။

ဒီအခါ မှာ ကျမ ဟာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင်ဟောကြားတောမူတဲ့ ဓမ္မပဒ ဂါထာ နံပါတ် ၂၂၇-၂၂၈-၂၂၉-၂၃၀ တို့ ကို သတိရ မိပါတယ်..။
ဘုရားရှင် ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတဲ့အခါ မှာ အတုလ ဥပါသကာ ကို အကြောင်းပြုပြီး ဟောကြားတော်မူ ခဲ့တာ ဖြစ်ပါတယ်..။

ထို အတုလ ဥပါသကာ သည်…ကဲ့ရဲ့ ခြင်းကို ကန်ထရိုက်ဆွဲ ထား သလို…….။

ဘုရားရှင် နဲ့ ရဟန္တာတွေ ကြား မှာ ဖူးတွေ့နေရသော်လည်း သဒ္ဓါ ပီတိ စွမ်းအားကိုထုတ်ယူ တတ်ခြင်း မရှိ…ကဲ့ရဲ့ ခြင်း ဖြင့် အကုသိုလ် တိုးပွားစေသူ တစ်ဦး ဖြစ်တာမို့ မြင်မြင် သမျှ ရဟန္တာ များကို ကဲ့ရဲ့ ပါတော့တယ်..။
စကား နည်းတဲ့ အရှင် ရေဝတ မထေရ်ကို ….စကားမပြော တုံဏှိဘော နေတယ်လို့ ကဲ့ရဲ့ ပါတယ်..။

ပညာ ဥာဏ် ကြီးတော်မူတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကိုလည်း….အဘိဓမ္မာလွန်စွာ ဟော တယ်လို့ ကဲ့ရဲ့ လေ့ရှိပါတယ်..။
အရှင်အာနန္ဒာ မထေရ်မြတ်ကိုတော့..စကားနည်းလွန်း လှတယ် လို့ ကဲ့ရဲ့ ပါတယ်..။

ထို အတုလ ဥပါသကာ ကို ဘုရားရှင်က ဤသို့ ဆုံးမတော်မူပါတယ်..။
အို…အတုလ…..ဤကဲ့ရဲ့ ခြင်းသဘောသည် ရှေးအခါ မှ စ၍ ဖြစ်လာသော..အလေ့တည်း..။ ယခု မှ ဖြစ်သောအလေ့မဟုတ်..။

***စကားမပြော ဆိတ်ဆိတ် နေသော သူကိုလည်းကဲ့ရဲ့ ကုန် ၏။
စကားများများပြော သူကိုလည်း ကဲ့ရဲ့ ကုန်၏။
စကား နည်းနည်းပြောသူကိုလည်းကဲ့ရဲ့ ကုန်၏ ။

(( လောက ၌ အကဲ့ရဲ့ လွတ်သောသူမရှိ …))***
ဟူ ၍ ဓမ္မပဒ ဂါထာ ၂၂၇ ကို ဟော ကြားတော်မူခဲ့တာ.ကိုကျမ ပြန်လည် ပူဇော် ဆင်ခြင်မိပါတယ်..။
၂၂၇ ၊ ပေါရာဏ မေတံ အတုလ ၊ နေတံ အဇ္ဇတနာမိဝ 
နိန္ဒန္တိ တုဏှိမာသီနံ ၊ နိန္ဒ န္တိ ဗဟုဘာဏိနံ ၊
မိတဘာဏိမ္ပိ နိန္ဒ န္တိ ၊နတ္ထိလောကေ အနိ န္ဒိတော..။

(( တရားစကား ၊နာကြားရလျက်၊ မနှစ်သက်၍ 
အမျက်ထွက်ကာ ၊ ဆိုက်ရောက်လာရ အတုလ ၊
နှိမ့်ချ မဲ့ရွဲ့ ၊ ကဲ့ရဲ့ရခြင်း၊ ချီးမွမ်းခြင်းမှာ ၊သက်ဆင်းရှေ့က ဖြစ်လာရ၏။
ယခု မှသာ ဖြစ်လာသည်ကား ၊ မဟုတ်ငြားတည်း။ 
စကားမဆို၊ ထိုပုဂ္ဂိုလ် အား၊ မလို ရှုတ်ချ၊ ကဲ့ရဲ့ ကြ၏ ။
များလှစကား၊ ပုဂ္ဂိုလ်အားလည်း ၊ နားငြီးဘွယ်ရာ ၊ပြောနိုင်ပါဟု 
ဝိုင်းကာရှုံ့ချ ၊ကဲ့ရဲ့ ကြ၏ ။
ချိန်ဆ၍ သာ၊ တိုင်းအတာဖြင့် နည်းစွာစကား ပြောပြန်ငြား လည်း ၊ ကုန်သွားမည့်ဟန်
စိုးရိမ်ဟန်ဖြင့် ၊ ဖန်ဖန်ရှုံ့ချ ကဲ့ရဲ့ ကြ၏။
လောက တစ်ခွင် ၊ ဘုံအပြင်ဝယ် 
လူရှင်မဲ့ရွဲ့ ကဲ့ရဲ့လွတ်သူ ၊ မရှိဟူ၏ ။))

(( O Atula ! Indeed, this is an ancient practice, not one only of today: they blame those who remain silent, they blame those who speak much , they blame those who speak in moderation. 
There is none in the world who is not blamed.))

ဤသို့ မျှော်လင့်ဆင်ခြင် ၊ အဆင်သင့်ပြင်ထားရင်တော့…. ဘောလီဘော ပစ်တာ စောင့်ဖမ်းသူလို အသာအယာ ပါပဲ ။

မမျှော်လင့် ထားရင် တော့ တစ်ထောင့်တနေရာ က ပစ်သွင်းကန်ထုတ်လိုက် တဲ့ ဘောလုံး နဲ့ တစ်ဘိုင်းဘိုင်း ဝင်တိုးပြိုလဲရမှာ အမှန်..။

ဤသို့ မဆင်ခြင် ပဲ Face Book ပေါ် မှ Like များ Comment များ ကိုအဆုံးတိုင် သက်ဝင်ယုံကြည်မနေပဲ အမှန်တကယ် သူ့ရဲ့ နောက် က ရှိတတ်တဲ့သဘာဝကို နှလုံးသွင်းထားရင် အကုသိုလ် နည်း စွာ သက်သာရာရမှာ အမှန် ဖြစ်သလို.....
ကိုယ်ကိုယ် တိုင်လည်းမပြုမူမိအောင်ဆင်ခြင်ရမယ် ဆိုတာ..တွေးမိရင်း..။

မေတ္တာဖြင့်
သစ္စာအလင်း
၂၀.၄.၂၀၁၇

0 မှတ်ချက်ရေးရန်: