Wednesday, June 5, 2019

အာဃာတ ဖြစ်ကြောင်း (၃)ပါး (သို့မဟုတ် ) အမုန်း ၏ နိဒါန်း



မူလ နှစ်ဖြာ ဆိုတဲ့ ( အဝိဇ္ဇာ နဲ့ တဏှာ ) ချယ်လှယ် ခံ နေရတဲ့ 
ကျွန်မ တို့ လူသားတွေ မှာ အညှိုး အတေး..အမုန်း ဆိုတာတွေ ဆိုတာ ရံဖန်ရံခါ ဖြစ်တတ်ကြပါတယ်..။

ဖြစ်ပါများလာတဲ့အခါ တန်ပြန် ပြုမူလိုတဲ့အာဃာတ အဆင့်ကို ရောက်ရပါတော့တယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကြီး ကတော့ ..
ကြိုတင် ရှောင်ရှားနိုင်အောင် ကျွန်မတို့ကို အာဃာတ ဖြစ်ကြောင်း ( ၃)ပါးကို မိန့်ဆို ဆုံးမ ဘူးပါတယ်..။

၁။ လူတွေ ဟာ ကိုယ့်ဖာသာ ကိုယ်နေသော်လည်း ၊ ထိခိုက်အောင်ဆိုတဲ့ရည်ရွယ်ချက်မရှိသော်လည်း ကိုယ့်အပြုအမူ အနေအထိုင်ဟာ တစ်ဘက်သား ရဲ့ လာဘ်ပပ်သကာ ၊ ပူဇော် အကျော်အစော ကို ထိခိုက်သွားတယ် ဆိုရင် ကိုယ့်အပေါ် အာဃာတ ဖြစ်ပါတယ် တဲ့..။

၂။ လူတွေ ဟာ ကိုယ့်ဖာသာ ကိုယ်နေသော်လည်း ၊ ထိခိုက်အောင်ဆိုတဲ့ရည်ရွယ်ချက်မရှိသော်လည်း ကိုယ့်အပြုအမူ အနေအထိုင်ဟာ တစ်ဘက်သား ချစ်ခင် မြတ်နိုးသူတို့ရဲ့ အပေါ် အကျိုးသက်ရောက်ပြီး လာဘ်ပပ်သကာ ၊ ပူဇော် အကျော်အစော ကို ထိခိုက်သွားတယ် ဆိုရင် ကိုယ့်အပေါ် အာဃာတ ဖြစ်ပါတယ် တဲ့..။

၃။ ထိုသူတစ်ဦးတစ်ယောက်ရဲ့ ရန်သူအပေါ် အားပေးအားမြှောက် ပြုခဲ့မယ် ဆိုရင်လည်းအာဃာတ ဖြစ်ပါတယ် တဲ့..။

ထို (၃) ချက်ကို လွတ်အောင်ရှောင် ဘို့ ဆိုတာ သတိထားသော်လည်း တစ်ချိန်မဟုတ်တစ်ချိန် ညိနိုင်တတ်တော့တာ ဆိုတော့ …… အမုန်းတွေ အာဃာတတွေ မွေးဖွားစေတော့တာ ../
ဒါကြောင့် ဘုန်းဘုန်းက ကျွန်မ တို့ ယောဂီ များ ကို အကြွားအဝါ ဘက် အားမသန် အောင် ဆုံးမပေးတော်မူပါတယ်..။

ဖြစ်လာ ခံလာခဲ့ရလျှင်လည်း တရားခံ မူလနှစ်ဖြာ ကိုမြင်အောင်ကြည့်ဘို့ မိန့်ပါတယ်..။

တောလေးက အေးချမ်းလိုက်တာ… ရွာလေးကနှစ်သက်စရာ ပဲ…. စသည်ဖြင့် နေရာရွေးကာအေးချမ်းပါတယ် ဆိုသော်လည်း ထို မူလနှစ်ဖြာ ချယ်လှယ်ခွင့် ရနေသော နေရာ မှန်သမျှ… အာဃာတ တွေ အမုန်းလှိုင်းတွေ..... ရိုက်ခတ် နေအုံးမှာပါပဲ..။

တကယ် အေးချမ်းချင်တယ် ဆိုရင်တော့ ကိုယ်ကစပြီး ပြင်ရမှာပါ..။
ကိုယ့်ရင်ထဲက မူလနှစ်ဖြာ နည်းသွား အောင် လျော့ပါးသွားအောင် ကျင့်ကြံ ကြိုးစားရ မှာပါ လို့ ကျွန်မ အသိ ဝင်ပါတယ်..။

ကျွန်မ ရဲ့ အတိတ်မှာ လည်း......
ထို (၃) ချက်နဲ့ ကိုက်ခဲ့တာ ရှိနိုင် ရှိခဲ့တာ ဆိုတော့ …. သိတဲ့နေရာ မှာ ရပ်..ထပ်မမှား စေတော့ပဲ.
.ကြား ရင်ကြားရုံမျှ သာ.

.မြင်..မြင်ရုံမျှသာ… နှလုံးသွင်းလျက် နေရန် ကြိုးစားရပါတော့တယ်..။ ဘဝ နေဝင်ချိန်…လက်ကျန်ကာလ မကြာတော့ဘူးဆိုတာ 

ဆင်ခြင် မိ သမျှ ဘယ်သူ့ကို မှ အမုန်း နိဒါန်း များ မပျိုးစေချင်တော့ပါ..။

အမုန်းများ နိဂုံးချုပ်စေ လိုလှပါတယ်..။

Living is an art ဘဝနေထိုင်ခြင်းသည် အတတ်ပညာ တစ်ခု.. ပင်မဟုတ်ပါလား ။

မေတ္တာဖြင့်
သစ္စာအလင်း

0 မှတ်ချက်ရေးရန်: