Friday, April 3, 2009

နောက်ကျခြင်းအား ၊ လျှောက်ထားတောင်းပန်

လေးစားအပ်ပါသော ဓမ္မမိတ်ဆွေများရှင့်

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး၏ ဝိပဿနာပညာ(တဏှာ အစပ်ပြတ်ပုံ)တရားတော် ကို ဟောတရားမှ နာ ယူပြီး စာသား များအဖြစ်ပြောင်းလဲတင်ဆက်ထားခြင်းဖြစ်ပါတယ်..။

သည်တရားကို ဆရာတော်ဘုရား သြစတေလျနိုင်ငံ ၊ဆစ်ဒနီ မြို့တွင် ကျင်းပပြုလုပ်သော ၅ ရက်တရားစခန်းပွဲ အတွင်း (၆.၂.၂၀၀၈) နေ့တွင်ဟောကြားတော် မူခဲ့ခြင်းဖြစ်ပါတယ်..။

ပိုင်းလော့ဆရာတော်ဘုရား ၏တရားတော်များအတွင်းစကားလုံးများသိပ်သည်းနက်ရှိုင်းစွာပါဝင်နေလေ့ရှိသဖြင့်
သေချာ အချိန်ပေး၍ စူးစူးစိုက်စိုက် နာယူမှသာ ဆိုလိုရင်းကို သဘောပေါက် လေ့ ရှိသည် မှာ ကျွန်မ တို့ ယောဂီများ ကိုယ် တွေ့ ပင် ဖြစ်ပါသည်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးက ကျွန်မတို့အားဆုံးမပါသည်..။တရားနာယူဘို့ အချိန်ပေးရဲတဲ့ သတ္တိရှိရမည်ဟုမိန့်ကြားဘူးပါသည်..။အဝတ်လျှော်ရင်း၊ မီးပူတိုက်ရင်း၊ အလုပ်လုပ်ရင်း တရားမနာဘို့ ကိုအထူးသတိပေးလေ့ရှိပါတယ်..။

ဤတရားတော် သည် ၂နာရီကြာဟောတရားဖြစ်ပါသည်..။ကျွန်မ မှာ စာရိုက် သိပ်မမြန်သဖြင့် အကြိမ်ပေါင်းများစွာ နာယူခဲ့ပါသည်..။ရိုက်ခဲ့ပါသည်..။နာယူခွင့် လုပ်ဆောင်ခွင့်ကို ထိုက်တန် သည် ဟုကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်..။

ကျွန်မ နာဂစ်မုန်တိုင်းတိုက် ခိုက်ပြီးကာစကာလ မှာမြန်မာ သို့ ပြန်ခဲ့ပါသည်..။ဆရာတော်ဘုရား ၏ကျောင်း တည်ရှိရာ တိုးကြောင်လေး မှ ဒုက္ခသည် များကို ဆရာတော် ဘုရား ကူညီစောင့်ရှောက် နေစဉ်ကာလ ဖြစ်ပါ သည်။

ကျွန်မ၏ ကျောင်း(University Of Camerino)နှင့်ရောမ မြို့ရှိ Ajhan Chah ဘုန်းကြီးကျောင်း(သန္တစိတ္တရာမ) မှ အလှူ ငွေများကောက်ခံ ရရှိခဲ့ပါသည်..။ Euro ငွေများအပြင် ဘုန်းကြီးကျောင်းမှ သင်္ကန်းများ လည်း ပေး လှူ လိုက်ပါတယ်..။

ကျွန်မလည်း လှူဖွယ် များကို သယ်ဆောင်လျက် ဆရာတော်ဘုရား၏ကျောင်းသိုချီတက်ခဲ့ပါတယ်..။ငွေများ ၊သင်္ကန်းများလှူပြီးချိန်တွင်..ဆရာတော်ဘုရားကို ကျွန်မလျှောက်ထားခဲ့ပါတယ်..။

(အရှင်ဘုရား တပည့်တော် အချိန်တစ်လ လှူဒါန်းပါတယ်ဘုရား ၊ဤဒုက္ခသည် များအတွက် ဆောင်ရွက်ပေးနိုင်သော ဝေယျာဝစ္စ အလုပ်ရှိလျင် တပည့်တော် လုပ်ဆောင်ပါရစေဘုရား) ဟု လျှောက် ထားခဲ့ပါသည်..။ဆရာတော် ကျောင်းတွင် ထမင်းထုပ်ဝေခြင်း၊ အိမ်ဆောက်ခြင်းများ ဆောင်ရွက် ပေးနေ ပါသဖြင့် ထမင်းဝင်ချက်ရန်ရည် ရွယ်ခဲ့တာဖြစ်ပါတယ်..။

တစ်လ ပေးနိုင်တယ်ဟုတ်လား ပြန်မေးပါသည်..။ဟုတ်မှန်ကြောင်းလျှောက်ထားသည့်အခါ..ကျွန်မ အားဤ Assignment ကို တာဝန်ပေးအပ်ခဲ့ပါတယ်..။ တာဝန်ကတော့ (ဝိပဿနာပညာ ၊တဏှာအစပ် ပြတ်ပုံ ) ကို နာယူပြီး မြန်မာလို စာရိုက်ရန် နှင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရန် တာဝန် ပေးအပ်ခဲ့ပါတယ်..။

ကျွန်မသည် တစ်လအတွင်း မပြီးပြတ်ခဲ့သည့် အပြင်..ကျွန်မ၏ ကျေးဇူးရှင်ဖခင်ကြီးနှင့် အတူမန္တလေး မြို့ တွင် နေခဲ့ရခြင်း၊ ပြုစုခြင်း၊သေဆုံးခဲ့ခြင်း တို့ကြောင့် ဆရာတော်ဘုရား အမေရိကန်သို့မကြွရောက်ခင် ပေးအပ် နိုင်ခြင်းမရိှခဲ့ပါ..။ ရန်ကုန်သို့ ပင် သွားရောက် မကန်တော့နိုင်ခဲ့ပါ..။ဆရာတော်ဘုရားခွင့်လွှတ်ပါရန်လည်း သည် နေရာ၊သည် စာမျက်နှာမှ ရိုသေစွာ တောင်းပန်ပါတယ် ဘုရား။

ဆရာတော်ဘုရားက ကမ္ဘာ ကို ပြရမဲ့တရား ဖြစ်ကြောင်းမိန့်ကြားတော် မူပါတယ်..။ဓမ္မမိတ် ဆွေများ တန်ဘိုး ထား ဖတ်ရှုလိမ့်မယ်လို့ ကျွန်မမျှော်လင့် ယုံကြည် မိပါတယ်..။

ရှိပြီး ထုတ်ဝေပြီးစာအုပ် တစ်အုပ် မဟုတ်ဘူးဆိုတာ လည်းပြောပြချင်လို့ပါ..။တစ်ချို့ ပုံ များကို VideoDVDမှ Print Screen လုပ် ပြီး တင်ထားတာ ကိုလည်း အဆင်မပြေလျင် ကျွန်မ အားပြော ကြားစေလိုပါတယ်ရှင့်။

ဤ DVD မှတ်တမ်း နှင့်အသံဖမ်းစနစ်ကောင်းမွန်လှကြောင်းကို ဆရာတော်ဘုရား၏ အတွင်းနေ တပည့်ရင်း ဦးနေရီမှ ပြောပြပါသည်။

သည် အတွက် Austrailia, Sydneyမှ ဓမ္မမိတ်ဆွေများ၏ ကောင်းမှုကုသိုလ် နှင့် စေတနာတရားများ ၊ဤစာအုပ်ဖြစ်မြောက်ရေးမှာ ပေါင်းစပ်ပါဝင်နေသည် ကိုလည်းကျေးဇူးတင်ပါတယ်။မှတ်တမ်းတင် ဖော်ပြ အပ် ပါတယ်။

တစ်ခြားသော ရည်ရွယ်ချက်ဖြင့်ကြွားဝါလိုတာ မဟုတ်ဘူးဆိုတာ ကိုလည်းကျွန်မအားနားလည်လိမ့်မယ် လို့ ယုံကြည်ပါတယ်။အင်္ဂလိပ် ဘာသာ ပြန်ဆိုထားတာ ကို လည်းဆက်လက် တင်ပေးမှာ ဖြစ်ပါတယ်ရှင့်။

လေးစားအပ်သော ဓမ္မမိတ်ဆွေများ တဏှာ အစပ် ပြတ်နိုင် ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သ အပ်ပါ တယ်။

0 မှတ်ချက်ရေးရန်: