ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရား……
တပည့်တော် သဘောပေါက်ပါပြီဘုရား..။၃၁ဘုံလုံးကို ကုသိုလ်နဲ့သုံးတတ်ဘို့သာလိုပါတော့တယ်..။တပည့်တော်မရှင်းတာလေးတစ်ခုက သတ္တဝါတိုင်း ချမ်းသာခြင်းကို အလိုရှိကြပါလျက်သားနဲ့ စွန့်လျင်+ချမ်း သာ ဟူသောကုသိုလ်တရားကိုဘာဖြစ်လို့အားမထုတ်နိုင်ကြပါသလဲ…ဘုရားတပည့်တော် သိလိုလှပါတယ်..။
အရှင်ဘုရားရှင်းပြတာက အထင်မှားခြင်း အဝိဇ္ဇာကြောင့် ပေါ့နော်ဘုရား။ (စွန့်လျင်+ချမ်းသာ) ဆိုတာ လောကမှာ ထင်ရှားရှိသော သဘော တရားဖြစ်ပါတယ်..။အဲဒီလောကထဲမှာ ထင်ရှားရှိတဲ့ (စွန့်လျင်+ချမ်းသာ) ဟူသောအမှတ်အသား လက္ခဏာရှိသော ကုသိုလ် သဘော ကို (စွန့်လျင်+ချမ်းသာ)ဟုပင် အမှန်အတိုင်း သိခြင်းဆို တာ ဝိဇ္ဇာ ဉာဏ်ပေါ့နော် ဘုရား။
အဲဒီအမှန် အတိုင်းကို တပည့်တော် အမှန်အတိုင်းမသိခဲ့တဲ့ အချိန်တွေမှာတော့ စွဲလန်းမှုကြီးမားစွာနဲ့ ဆင်းရဲမှာ ကြောက်လေ..မစွန့်ရဲလေ ဖြစ်နေခဲ့ပါတယ်ဘုရား။ အမှန်တကယ်တော့ မစွန့်ရဲလေ..ဆင်းရဲလေပဲ ဆိုတာ လောက သဘောက ဆောင်သွားပါတယ်ဘုရား။
အမှန်တရားကို စိစစ်ပြီးသိခွင့်ရသော သူတော် ကောင်းများသန္တန်မှာ (စွန့်လျှင်+ချမ်းသာ)ဟူသော ဝိဇ္ဇာ ဉာဏ်က ဦးဆောင်ထားသော ကြာင့် ချမ်းသာ ချင်လေ စွန့်လွှတ်လေ ဖြစ်ပါတယ် ဘုရား။ တကယ့် ပါရမီရင့်ကျက်တဲ့ သူတော်ကောင်းကြီးတွေကတော့ စွန့်လွှတ်နိုင်လေ ချမ်းသာလေဖြစ်ပြီး နောက်ဆုံး (၃၁)ဘုံလုံး ကို စွန့်လွှတ်ပြီး ပရိနိဗ္ဗန်ပြုသွားကြတာပေါ့နော်ဘုရား။
ဝိဇ္ဇာဉာဏ်ရရှိရေးဟာ အဓိက ကျကျ ကြိုးစား သင့်တဲ့ အချက် ဖြစ် တယ်…ဆိုတဲ့ အရှင်ဘုရားဆုံးမမှုကို တပည့်တော် ခိုင်ခိုင်မာမာ မှတ်သားနားလည်သဘောပေါက်သွားပါတယ်ဘုရား။အရှင်ဘုရားဟော ကြားတော်မူသောတရားတော်ထဲမှ တပည့်တော် မှတ်သားမိတဲ့ အချက်ကလေးတွေကို အခုလိုရေးပြီးမျှဝေခြင်းကိုခွင့်ပြုတော်မူပါဘုရား။
စွန့်လွှတ်သော ကုသိုလ် စိတ်သည် စီးပွားဥစ္စာ၊ အလုပ်၊ အာရုံ၊ခန္ဓာ ဟူသော သုံးစရာ(၄)ပါးကို မှီပြီး ဖြစ်နေ ပါတယ်..။ထို စွန့်လွှတ်သော ကုသိုလ်စိတ်ရဲ့ အဆုံးစွန်ကို ရောက်သွားလျှင်ချမ်းသာ အဆုံးကို ရောက်သွားမှာ ဖြစ်ပါတယ်..။စွန့်လွှတ်ခြင်း၊ချမ်းသာခြင်းသည် လောကီတရားဖြစ်ပါတယ်..။
ထိုစွန့်လွှတ်ခြင်းချမ်းသာ တို့၏ အဆုံးသည်သာ ပြုပြင်မှု ကင်းသော အသင်္ခတနိဗ္ဗန်ဖြစ်နေပါလိမ့်မယ်..။ထို အသင်္ခတနိဗ္ဗန်ကို သိမြင်သော အသိဉာဏ်သာ လျှင် မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ဖြစ်နေပါလိမ့်မယ် ဆိုတဲ့ အရှင်ဘုရားဟော ပြောရှင်းပြတာ တပည့်တော် မှတ်သားလိုက်မိပါတယ်ဘုရား။
စီးပွားဥစ္စာ၊အလုပ်၊အာရုံ၊ခန္ဓာ ဟူသော (၃၁ဘုံ)၏သုံးစရာ ဤလေးပါးပေါ်မှာ( စွဲလျှင်+ဆင်းရဲ)ဟူသော လက္ခ ဏာ ရှိသော ကုသိုလ်သင်္ခါရတရားတို့၏ အဆုံးစွန်သောသိစရာသည်လည်း ဗုဒ္ဓဘာသာ ဝင်တို့ ၏ ပန်း တိုင်ဖြစ်သောနိဗ္ဗာန်ပင်ဖြစ်ပါတယ်..။
ဆိုလိုရင်းအဓိပ္ပါယ်ကတော့ စွန့်လွှတ်ခြင်းကုသိုလ်သင်္ခါရကို အဆုံးစွန်ဖြည့်ကျင့်နိုင်လျှင် စွဲလန်းခြင်းအကုသိုလ် သင်္ခါရကို အဆုံးတိုင် စွန့်ဖြစ်ပါတယ်..။စွဲလန်းခြင်း အကုသိုလ်သင်္ခါရကို အဆုံးစွန်သိ၍ ဖယ်နိုင်လျှင် စွန့်လွှတ်ခြင်းကုသိုလ်သင်္ခါရကို အဆုံးစွန်ဖြည့်ကျင့်ပြီးသားဖြစ်နေပါတယ်..။
(ကုသလာ ကုသလံ ဇဟံ= ကုသိုလ်နှင့် အကုသိုလ်ကို စွန့်ခြင်း) ဟူသည်နှင့် အညီ (စွန့်လျှင်+ချမ်းသာ) ဟူသော ကုသိုလ်သင်္ခါရ နှင့် (စွဲလျှင်+ဆင်းရဲ) ဟူသော အကုသိုလ်သင်္ခါရတို့၏လွတ်ရာ ငြိမ်းရာ၊ ချုပ်ရာ၊ ကုန်ရာ၊ ကင်းရာ နိဗ္ဗာန်ပင် ဖြစ်ပါတယ်..။
ထို အငြိမ်းဓာတ်ကို သိမြင်နိုင်သော အသိဉာဏ်ကို မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ဟုခေါ်ပါတယ်။
ဝိမုတ္တိရသ=လွတ်မြောက်ခြင်းအရသာ ပင် ဖြစ်ပါတယ်။
သည်အချက်တွေကို…သိရတာတပည့်တော် ကံကောင်းတယ်လို့ကိုယ့်ကိုကို ယူဆပါတယ်ဘုရား..။တပည့် တော် စာအုပ်တော် တော် များများဖတ် ဘူးသော်လည်းနိဗ္ဗာန်ကို ဘယ်လိုမှစဉ်းစားလို့ မရခဲ့ပါဘုရား။
အခုတော့ တပည့်တော် အသိဉာဏ် နည်းနည်း ပွင့် လာခဲ့ပါတယ်ဘုရား။နိဗ္ဗာန်ကိုလည်းရည် မှန်းပြီး အာရုံပြု နိုင် လိုက်ပါတယ် ဘုရား။သဘော ကိုလည်း နားလည် လာ ပါတယ်..။
ရှင်းသထက် ရှင်းသွားအောင် ကုသိုလ်နဲ့ အကုသိုလ် ကိုတည်ပြီး ဝိဇ္ဇာဉာဏ် ဖြစ်ပုံကို တွဲဖက် ပြီးရှင်းလင်း ပေး တော်မူပါဘုရား။
တပည့်တော် ရိုသေ လေးစား စွာ ရှိခိုး ဦးခိုက် ကန်တော့လိုက်ပါတယ်ဘုရား။
0 မှတ်ချက်ရေးရန်:
Post a Comment