Sunday, April 12, 2009

အမှောင်မှလွန်မြောက်ခဲ့ခြင်း


မေမေချစ်သော သားသားနဲ့မီးမီး

နှစ်သစ်ကူးမှာ ဘယ်လိုစိတ်ကူးများဖြင့်ဘယ်လို ဖြတ်သန်းလွန်မြောက်မှာလဲ..ကူးပြောင်းကြမှာလဲ..။
မေမေ ကတော့ စိတ်ဝင်စားနေမိပါတယ်..။

ကိုယ့်ရဲ့ အကျင့်စာရိတ္တ နဲ့ စိတ်ဝိဥာဉ် သန့်စင်မှု ၊ထိခိုက်တဲ့ကိစ္စတွေ၊ပညာရှိတို့ကဲ့ရဲ့မဲ့ကိစ္စတွေကလွဲပြီး
ကျန်တာ စိတ်တိုင်းကျ လုပ်ကိုင် ခွင့်မေမေပေးထားခဲ့ပါတယ်..။

သားသားမီးမီးတို့ရဲ့ အရွယ် နဲ့လိုက်ဖက်တဲ့ မွေ့လျော်မှုတွေ ရှိနေတာကို မေမေ ဘယ်လိုမှ အပြစ်မပြောလိုပါ.။

မေမေ့စိတ်ကြိုက် ဖြစ်အောင်..တရားစခန်းဝင်ပါမယ်..ဥပုသ်စောင့်ပါမယ် ဆို ပြီးတော့လည်း... မေမေ့စိတ်အား ညှာတာ နားလည်စွာ ပြော မိလိုက်ရင်လည်းကလေးတို့ ဝစီကံအတွက် ဝန်တက် နေမှာစိုး ပါတယ်..။

အရာရာ အကြောင်းညီညွတ်ရင် ဖြစ်လိမ့်မယ် ဆိုတာ..ပိုင်းလော့ဆရာတော်ဘုရားကြီးဆုံးမထားပါတယ်။

မေမေဟာ ကလေးတို့ကို စောင့်ရှောက် မဲ့သူ ပံ့ပိုးဖေးမ မဲ့သူ ၊သူတကာ မိခင်တွေထက် မလျော့တဲ့ မိခင်မေတ္တာနဲ့ကူညီမဲ့သူ၊ လိုအပ်ခဲ့ရင် ကိုယ် ပိုင် အလင်းရောင် စွမ်းအားနဲ့ လမ်းပြမဲ့သူသာ ဖြစ်ပါတယ် ကွယ်..။

ကန့်သတ်ချုပ်ချယ်သူ၊လွှမ်းမိုးချယ်လှယ်သူ တစ်ဦးမဖြစ်လေရအောင် အမြဲ နေထိုင်ခဲ့ပါတယ်..။ မေမေ ကိုယ်တိုင် လည်း ကန့်သတ်မှု၊ချုပ်ကိုင်မှုများကို မုန်းတီးခဲ့ပါတယ်..။

မေမေထိုင်းမှာကျောင်းတက်တုံးက ဖူးခဲ့ဘူးတဲ့ ဘုရားတစ်ဆူ အကြောင်း ကလေးတို့ကို ပြောပြချင်တယ်..။
မြန်မာကဘုရားတွေနဲ့ မတူဘူး။

ရွှေချမထားဘူးကျောက်သားပကတိ အနက်ရောင်၊ အမိုးအကာ အဆောက် အဦ မရှိဘူး၊ ကောင်းကင်ပြာ အောက် မှာ မားမားစွင့်စွင့်တည် ရှိနေတာကို က အားမာန် ဖြစ်စေတယ်..။

ရင်ပြင်တော် ကျောက်သားပြင်ရှိတဲ့ အပြင် စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ကလည်းဝန်းရံထားတယ်..။
ရင်ပြင်တော် ပေါ်က ကြေးပန်းအိုးကြီးတွေက ကြာပန်းတွေ..အပြည့်နဲ့...။ လွတ်လပ် ငြိမ်းချမ်းတဲ့ အရသာကို ထိတွေ့ခံစားရတယ်လေ..။

မေမေ့ စီနီယာတွေရဲ့ အစီအမံ နဲ့ ညနေခင်းအမီရောက်အောင်သွားဖူးကြတာ..။
မသွားခင် ဘန်ကောက်က ပန်းဈေးမှာ နှင်းဆီပန်းတွေတစ်ပွေ့တစ်ပိုက် ဝယ်ကြ ပြီး ကိုယ်တိုင် ပန်းအိုးထိုး ရတာ...က လည်း သဒ္ဓါပီတိဖြစ်စေခဲ့တယ်..။

ပြီးတော့ အပူလျော့ ပြီးဝင်ခါနီးဆဲဆဲနေရောင်အောက်မှာ မြက်ခင်းစိမ်းကို ဆင်းပြီးမေမေ တို့တရားထိုင် ခဲ့ကြ တယ်..။

ဆယ်စုနှစ် အချို့ ကို ပူလောင်စွာ ဖြတ်သန်းခဲ့ဘူးတဲ့မေမေ့ အတွက်....... အဲဒီတုံးက ရခဲ့တဲ့ စိတ် ကြည်လင် ငြိမ်းချမ်းမှု ဟာ ဘဝမှာ ပထမဆုံးနဲ့အနက်ရှိုင်းဆုံးဖြစ်ခဲ့ပါတယ်..။

အဲလို စိတ်ငြိမ်းချမ်းမှုရဲ့ အရသာကို ကလေးတို့ကို ခံစားရရှိစေချင်တယ်..။ ဘုရားဖူး ကအပြန်မေမေ ရေးခဲ့တဲ့ ကဗျာလေး မျှဝေ ပေးလိုက် ချင်ပါတယ်..။

အမှောင်မှလွန်မြောက်ခြင်း

အမိုးအကာ မဲ့ကင်း..ဟင်းလင်းပြင်တစ်ခု..
ရဲဝံ့မှု ပီပြင်..ကြည်လင်ရသ...ဝီရပေးဝေ
မြေမှာ အုပ် မိုး၊စိုးမိုးရပ်တည်..
ခိုင်ကျည် မြင့်မား..အားငယ်တာလည်းမရှိ
ပကတိငြိမ်သက်သွား..ခိုင်မာစွာအားအင်ဖြစ်....
ခွန်အားဆိုတဲ့ မြစ်တစ်စင်း.. စီးဆင်းဖွင့်လှစ်..
အသစ်တစ်ဖန်..ပြန်လည်ရှင်သန်ခဲ့ပြန်တယ်.........။

စိမ်းလန်းတဲ့မြက်ခင်းပြင်ဟာ ....
စိမ်းကားတဲ့သဘောလည်းသက်ဝင်....၊
အကိုင်းဖွဲ့ရှုပ် ဝါးရုံပင် တစ်အုပ်လို လည်းမဟုတ်ခဲ့....
မာန်ချဝပ်စင်း..ရှင်းရှင်းပြတ်ပြတ်..
ပြတ်သားနေတယ်.....။ဖြတ်သွားစေတယ်..။

ပတ်ဝန်းကျင် အတွက် တာဝန်ကျေပြွန်ခြင်း...ဖြင့်
သံယောဇဉ် ဆိုတဲ့နှောင်ဖွဲ့ခြင်း....
ရှင်းပြတ်ခဲ့ရ...ဘဝဆိုတာ...
အနှစ်သာရအမှန်..ဧကန်တွေ့ရှိ၊
အသိ မှန်ကန်.. တစ်ဖန်တစ်ဖန်..
ပြန်၍ မတိုး ဖလံမျိုးလို...
ရိုက်ချိုးဖျက်ဆီး..၊
မီးတွေ မီးတွေ..ပင်လယ်ဝေခဲ့ နေ့ရက် များ..
စိမ်းကား....လန်းဆန်းခဲ့ ပါတယ်.......။

မိမိရဲ့ သတိ မိမိ ကို စောင့်ရှောက်
အကြောက်တရား၊ အနှောက်တရား..မှောက်မှားစရာ မရှိ..။
အသိ...သတိ အကြည့်ရဲရင့်...
မြင့်သထက် မြင့်မြတ်သွား....
ပန်းများနှင်းဆီ..ကြည်လင် ပုံရိပ်...
စိတ်ရဲ့လုံခြုံမှု...စုစည်းသန့်စင် ...ဝိဥာဉ် အလင်း...
အမှောင်ကင်းကွာ သစ္စာအလင်း...
ဘဝတွင်းသို့ ချင်းနင်းဝင်ရောက် ခဲ့ပါပြီ..။

ထိုင်းနိုင်ငံ ၊ ဘန်ကောက် မြို့၊ ဗုဒ္ဓွမွန်ထော ဘုရားဖူး ခရီးကို ခံစားရေးဖွဲ့ပါသည်။

2 မှတ်ချက်ရေးရန်:

Unknown said...

အန်တီရေ ...
ပိုစ့်လေးကို လေးစားစွာဖတ်မှတ်မိပါတယ်။ မိခင် တယောက်က ပြောသလိုပဲ ထပ်တူခံစားမိပါတယ်။
ကဗျာလေးက အဓိပ္ပါယ်ရှိသလို၊ ဘ၀သရုပ်ကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။
အန်တီ.. ကျန်းမာချမ်းသာစွာနဲ့ ဘ၀တလျောက်လုံး စိတ်၏အေးချမ်းမှုကို ရရှိခံစာနိုင်ပါစေ။

Dr Phyo Wai Kyaw said...

အင်မတန်အေးမြတဲ့ မိခင်မေတ္တာကို ခံစားရရှိပါတယ်

"ပတ်ဝန်းကျင် အတွက် တာဝန်ကျေပြွန်ခြင်း...ဖြင့်
သံယောဇဉ် ဆိုတဲ့နှောင်ဖွဲ့ခြင်း....
ရှင်းပြတ်ခဲ့ရ...ဘဝဆိုတာ..."

သံယောဇဉ်ဆိုတဲ့ နှောင်ဖွဲ့ခြင်း ရှင်းပြတ်ခဲ့ရ..
ရှင်းပြတ်ခဲ့ရ..သြော် ရှင်းပြတ်ပါမှ..

"မိမိရဲ့ သတိ မိမိ ကို စောင့်ရှောက်
အကြောက်တရား၊ အနှောက်တရား..မှောက်မှားစရာ မရှိ..။"

မိမိရဲ့သတိ မိမိကိုစောင့်ရှောက်နေသ၍ ကြောက်စရာ မလိုဘူးပေါ့။

ဆုံးမစကားလေးတွေ ထပ်ထပ်ကြားချင်လိုက်တာ။ ကြားလိုပါရဲ့..ရေးပေးပါဦး ခင်ဗျာ။