Saturday, April 11, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၇)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ

သန္ဒိဋ္ဌိက ဓမ္မဂုဏ်ရည်

ဒီတရားက သူများအဆုံးအဖြတ်ပေးရမဲ့တရားမဟုတ်ပါဘူး။
ကိုယ် တိုင်ကျင့်ကြံအားထုတ်မှ…ကိုယ် ပိုင် ဉာဏ်နဲ့ ကိုယ်ပိုင် သိရမဲ့ တရား။
ကိုယ်တိုင် ထိုးထွင်းသိရမဲ့တရား…..။
ကြားဘူးနားဝနဲ့တဆင့်ကြားနဲ့ သိရတာ မဟုတ်ဘူး။
ကိုယ် ပိုင် ကိုယ် တိုင် ဉာဏ်နဲ့သိရမယ်…..။
အဲလို သိတော့ ဘယ်လောက် ကြာမှ သိရမလဲ၊၊??????
သန္ဒိဋ္ဌိက တိုက် ရိုက် သိရတဲ့ နည်းစနစ်နဲ့ သိရပါတယ်..။
သင်ပြပေးတဲ့အတိုင်း…အခု နှလုံးသွင်းရင် အခု သိရပါတယ်..။
ကိုယ့်စိတ်လေးစင်ကြယ်လား မစင်ကြယ်လား ။စိတ်ကို ပြန်ကြည့်လိုက်….
အခုကြည့်ရင် အခု စင်ကြယ်ပါတယ်..။

အပ္ပမာဒေန သမ္ပာဒေထ

(အပ္ပမာဒေန သမ္ပာဒေထ)မမေ့မလျော့ မပေါ့မဆတဲ့ အပ္ပမာဒတရားနဲ့ပြည့်စုံအောင်နေကြနော်..။
မမေ့ဘူးဆိုတာက….အသိ။
မလျော့ဘူးဆိုတာက ဝီရိယ..။
မကောင်းတဲ့စိတ်တွေ မဖြစ်အောင်…။
အမြဲတမ်း ဝီရိယရှိရမယ်..။မလျော့ရဘူး..။
မပေါ့ရဘူးဆိုတာက သမာဓိပဲ..။
မဆရဘူးဆိုတာ ဉာဏ်ပဲ..

တွေးနေ ဆနေရင် ဉာဏ်အားမကောင်းဘူး။
ကြံစည်တဲ့ဉာဏ်၊ တွေးတောတဲ့ ဉာဏ်ပဲဖြစ်မယ်..။
တကယ် အနှစ်သာရရှိတဲ့ဉာဏ်..။
မမေ့မလျော့ မပေါ့ မဆတဲ့ဉာဏ်…
တွေးတော ကြံဆမှုမရှိတဲ့ ဉာဏ်မျိုးမှ
အထက်တန်းကျတဲ့ ဉာဏ်…အထွဋ်အထိပ် ရောက် နိုင်တဲ့ ဉာဏ်..။
အဲဒီ ဉာဏ်ပညာနဲ့ ပြည့်စုံရမယ်..။

အပ္ပမာဒ

လူ့ဘဝဖြစ်လာရင်…အပ္ပမာဒတရားလက်ကိုင်ထားရမယ်..။
အပ္ပမာဒတရားလက်ကိုင်ထားတဲ့ပုဂ္ဂိုလ် ဟာဒါနမှုလည်းပြုသွားနိုင်တယ်..။
သီလလည်းလုံလုံခြုံခြုံ စောင့်စည်းနိုင်သွားတယ်..။
သမာဓိဘာဝနာတွေလည်းပွားများပြီးသား ဖြစ်နေတယ်..။
သိက္ခာသုံးပါးစလုံးပြည့်စုံပြီးနေတော့တယ်..။
အပ္ပမာဒဟာဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်..
အနှစ်ချုပ်လိုက်ရင် ဗောဓိပက္ခိယ တရား၃၇ပါး။
ထပ်ချုပ်လိုက်တောမဂ္ဂင် ၈ပါး။စုပေါင်းလိုက်တော့
သီလမဂ္ဂင် ၃ပါး..။သမာဓိ မဂ္ဂင်၃ပါး။ပညာမဂ္ဂင် ၂ပါး။မဂ္ဂင် ၈ပါးရပြန်တယ်.။
သီလ သမာဓိ ပညာသိက္ခာ ၃ပါးလို့လည်းခေါ်တယ်..။
သီလ သမာ ဓိ ပညာ ဖြစ်ဘို့ရာ သတိမဂ္ဂင် တစ်လုံးပဲ..။
အပ္ပမာဒတရားဆိုတာ သတိပဋ္ဌာန် ရှိနေတဲ့ အတွက် သမာဓိတွေလည်း ညီညွတ်မှုရနေတယ်..။
သတိမရှိရင် သမာဓိ ကဦးထောင်ပဲ့ထောင် အိုးနင်းခွက်နင်းဖြစ်နေတယ်..။
သတိမရှိရင် ပညာ ဘာဝနာ မဖြစ်နိုင်ဘူး။

အသုံးလုံးကြေ

ဒကာ ၊ ဒကာမတွေ အသုံးလုံးကြေဘို့လိုတယ်နော်..။
အသုံးလုံးဆိုတာ အလောဘ အဒေါသ အမောဟဖြစ်ဘို့ကိုပြောတာ..။
လောဘက ရှိတာကို မပေးချင်ဘဲတွန့်တိုတယ်..။
လူတစ်ယောက်ထမင်းဆာနေတယ်..ပိုက်ဆံလည်းအပြည့်ပါတယ်..
စားစရာရောင်းတဲ့ ဆိုင်လည်းရှိတယ်….။
ဒါပေမယ့် သူမဝယ်စားပဲ အငတ်ခံနေခဲ့တယ်..။အဲဒါလောဘပဲ
ဟိုဟာလေး ကောင်းလိုက်တာ..ဒီဟာလေးကောင်းလိုက်တာ ဆိုရင်လည်း လောဘပဲ..
လော ဘကို တဒင်္ဂပယ်ဖြတ်နိုင်ရန် အလောဘပေါ့..။
လှူကြ တန်းကြ ပေးကြ ကမ်းကြ ဒါနဟာ အလောဘ။
ကိုယ်နှိုက်မဲ့ ဟင်းခွက် သူများဦးသွားတော့မကျေနပ်ချင်ဘူးမှုတ်လား..။အဲဒါဒေါသပဲ..။
လိုချင်တာမရလို့..မကျေနပ်တာ ဒေါသ..။ငါမှ ချမ်းသာတယ်..။
ငါ့မှာဂုဏ်ရှိတယ်လို့ လက်မထောင်နေကြတာလည်းဒေါသပဲ..။
ဒေါသကိုအချိန်မီ မငြိမ်းနိုင်ရင် ကိုယ့်ကိုယ်ကို မီးလောင် သလို လောင်ကျွမ်းစေတယ်..။
ဒေါသကို အ တစ်လုံးထည့်ပြီး ငြိမ်းသတ်ရမယ်..။
အဒေါသဖြစ်အောင် မေတ္တာပွားကြရမယ်..။
သီလ ဆောက်တည်ထားရင်းက မေတ္တာစိတ်တွေ ဖြစ်နေကြတော့
ဒေါသလည်းမရှိသလောက်ပါးနေတယ်..ဆိုနိုင်တယ်..။
ဒေါသမဖြစ်ရင် အဒေါသ..ဒုတိယ အတစ်လုံးကြေသွားပြီ..။
လောဘဖြစ်မှန်း ဒေါသဖြစ်မှန်း မသိတာ မောဟ..။
မသိမှုမောဟကြောင့်ပဲ မကောင်းတဲ့လောဘဆိုး ဒေါသဆိုးတွေဖြစ်ရပြန်တယ်..။
မောဟပျောက်အောင် သတိတရား လက်ကိုင်ထားရမယ်..။
နောက်ဆုံး အတစ်လုံး က ဉာဏ် နဲ့သတိနဲ့ယှဉ်နေတယ်..။
တွေဝေမိုက် မှားခြင်းမရှိ အကောင်းအဆိုးနဲ့ ဖြစ်ပျက်သမျှသိနေအောင်..တရားဘာဝနာရှုပွားမှတ်သားနေခြင်းဟာ အမောဟ ပါပဲ..။
ဒါဆို အသုံးလုံးကြေသွားပြီ..။

0 မှတ်ချက်ရေးရန်: