Friday, April 8, 2011

သူတော်ကောင်းနဲ့ တွေ့ဆုံခြင်း

သူတော်ကောင်းနဲ့ တွေ့ဆုံခြင်း

အညာ တတ္ထံ ပသာဒတ္ထံ သတံ ဝေ ဟောတိ မန္တနာ ။

(အင်္ဂုတ္ထိုရ် ၊ တိကနိပါတ် ၊ကထာ ဝတ္ထုသုတ် )

သူတော်ကောင်း တို့  ၏ ဆွေးနွေးခြင်းသည် စင်စစ် သိခြင်း၊ ကြည်ညိုခြင်း အကျိုးငှာ ဖြစ်၏။( မြန်မာပြန် )

လူတိုင်း နားလည်အောင် ဉာဏ်မှီသလောက် ထပ်ဆင့်ပြန်ဆိုရမည် ဆိုလျှင် ----

(သူတော်ကောင်းတို့ ၏ တွေ့ဆုံဆွေးနွေး ၊နှီးနှော တိုင်ပင်ခြင်းသည် စင်စစ် အမှန်ကို သိမြင်ခြင်း ၊တစ်ဦးကို တစ် ဦး လေးစားချစ်ခင် ကြည်ညိုခြင်း အကျိုး ကလွဲ ပြီး တခြား မဖြစ်နိုင်) ဟူ၍ ဆိုသော် ရနိုင်ကောင်း မည်ထင် ပါ သည်။

တွေ့ဆုံ ဆွေးနွေးလို သူ သည် မရှိမဖြစ် လိုအပ်သော အရည်အချင်းကောင်း တစ်ရပ်တော့ ရှိထားရပါမည်။ ယင်းမှာ သူတော်ကောင်း တို့ ၏ နှလုံးသွင်းပင်ဖြစ်ပါသည်။ သူတော်ကောင်းတို့ ကိုင်စွဲသောနှလုံးသွင်းကောင်း မရှိပဲ နှင့်တွေ့ဆုံ ဆွေးနွေးလျှင် ရလာဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်လိမ့်မည် မဟုတ်။

ထို့ကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာ လိုသူ အဖို့ သူတော်ကောင်းတို့ထုံး၊ နှလုံးမူကာ ( နှလုံးသွင်းကောင်း= ယောနိသော မနသိကာရ ) ကိုကိုင်စွဲထားရမည် ဖြစ်ပါသည်။

ထင်ရှားသော ဥပမာ ဆောင်ရသော်--- အဖသတ်သည်အထိ နှလုံးသားခက်ထန် ကြမ်းတမ်းကာ ပြစ်မှုကြီးကျူးလွန်မိသူ ဘုရာင် အဇာတသတ် သော်မှ…..

-နှလုံးသွင်းကောင်း= ယောနိသော မနသိကာရ ကို ကိုင်စွဲ

-ဆရာဇီဝက ကဲ့သို့သော မိတ်ကောင်း ဆွေကောင်း =ကလျာဏ မိတ္တ ကို အဖေါ်သဟဲပြုကာ ။

-ဘုရားရှင်တည်းဟူသော အတုမရှိ သူတော်ကောင်း = သပ္ပုရိသူပ နိဿယကို မှီဝဲ ဆည်းကပ်ပြီး ။

-သာမညဖလဒေသနာတော် = သဒ္ဓမ္မသာဝန ကို လိုလို လားလား နာယူမှတ်သားရခြင်း တည်းဟူသော ကောင်းမှုကံစေတနာ အဖြာဖြာ တို့ကြောင့် မမျှော်မှန်းနိုင်သော ကောင်းကျိုး အမျိုးမျိုးတို့ ကို လက်တွေ့ မျက်မြင်ခံစား သွားရပါသည်။

မည်သူမျှ လိုက်မမှီနိုင်လောက်အောင် မိုက်သော-ရှင်ဒေဝဒတ်မှာ မူ သူတော်ကောင်းတို့၏ ထုံးကို အနည်းငယ်မျှ နှလုံးမမူ နိုင်ခဲ့သဖြင့် အကျိုးစီးပွားဟူသမျှ နစ်နာ ဆုံးရှုံး ခဲ့ရပါသည်။

မည်သည့်အပြစ်ကို ကျူးလွန်မိသည် ဖြစ်စေ ဘုရင် အဇာတသတ်ဒကာ နှင့် ရှင်ဒေဝဒတ် ဆရာ တို့ ဖြစ်စဉ်ကို သင်ခန်းစာယူကာ ရယူနိုင်ခွင့်ရှိသေးသည့် အကျိုးစီးပွားတို့မှ နစ်နာ ဆုံးရှုံးမသွားရလေအောင် သူတော်ကောင်းတို့ ၏ ဓလေ့စရိုက် ထုံး နှလုံးမူလျက် တွေ့ဆုံဆွေးနွေး အဖြေရှာ ခြင်းဖြင့် ကိုယ့်အကျိုး၊ သူ့အကျိုး၊ လောကအကျိုး တန်ဖိုးထား လေးစားသင့် ကြပေသတည်း။

အယ်ဒီတာအာဘော်(ဓမ္မရိပ် မဂ္ဂဇင်း- အတွဲ -၃ အမှတ် ၁၀ ၊နိုဝင်ဘာလ ၊၂၀၁၀)

0 မှတ်ချက်ရေးရန်: