Friday, April 22, 2011

မုန်တိုင်း နောက်က လေပြေညှင်း



၂၀၀၈ ခုနှစ် ရဲ့ မေလဆန်း မှာ Nargis အမည်ရ..အပူပိုင်းဒေသ လေမုန်တိုင်း ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်းက လူတွေရဲ့ နှလုံးသားမှာ သံပူရာကပ် လိုက်သလို စွဲထင် ကျန်ရစ်ခဲ့ရ ပါတယ်..။ တစ်မျိုးသားလုံး အုံးအုံးကျက်ကျက် ကူညီခဲ့ကြတာ..။ အထင်ကရဆရာတော်ဘုရား ကြီး များဖြစ်တဲ့ သီတဂူဆရာတော် ဘုရား၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော် ဘုရား၊ မေတ္တာရှင်ရွှေပြည်သာ ဆရာတော်ဘုရား စတဲ့..စတဲ့ ဆရာတော်ဘုရား များစွာ ရဲ့ ကရုဏာ တရား နဲ့ ကူညီဖေးမ ကြတဲ့ အထဲမှာ ပိုင်းလော့ ဆရာတော်ဘုရား သည် လည်းတစ်ပါး အပါအဝင်ဖြစ် ခဲ့ပါတယ်..။
ဆရာတော်ဘုရား ရဲ့ ဘုန်းကြီးကျောင်း တည်ရှိရာ ဒဂုံမြို့သစ် မြောက်ပိုင်း ရပ်ကွက် နံပါတ် ၁၆ မှ မိုးညင်းသိင်္ဂီ ကျောင်း ကတော့ မုန်တိုင်းဒဏ်ကို ခံနိုင်ခဲ့ပါတယ်..။ တိုးကြောင်လေး ဘူတာနား မှာရှိတဲ့ အကွက် ၁၆-၁၇-၁၈ မှ တဲအိမ်လေးများ အတွက် ကတော့ သစ်သား မီးခြစ်ဆံဘူးကို မွှေ့ရမ်း ဖိခြေလိုက်သလို လဲပြိုသွား ကာလူဦးရေ ၁၀၀၀ ကျော် က ခိုကိုးရာ မဲ့ခဲ့ ရပါတယ်..။ အားကိုးတကြီးထွက်ပြေး လာကြတဲ့ ဒုက္ခသည်တွေ ဟာ ကျောင်းထဲမှာ အပြည့်၊ သစ္စာမာရ် အောင် ဓမ္မာရုံ အပြင် နေလို့ ရတဲ့နေရာ မှန်သမျှ နေရာချရ ပါတော့တယ်..။
ဆရာတော် ဘုရား က ကျောင်းထဲမှာ သီတင်းသုံးလို တဲ့ သံဃာတော်များ ကို ကျောင်းဆောက် ကာ နေထိုင်ခွင့်ပေး ထားတာမို့ သံဃာ အပါး ၈၀-ကျော် လည်း ရှိနေပါတယ်..။ သီလရှင်များ သံဃာတော်များ ဟာ ဆရာတော်ဘုရား ရဲ့ မေတ္တာရိပ် အောက်ကို ရောက်ရှိလာတဲ့ ခိုကိုးသူများ ကိုကူညီ စောင့်ရှောက်ပေး ကြပါတယ်..။ မွေးခါစ သွေးနု သားနုမိခင် ပါလာသလို ကလေးငယ်လေး များ ကိုလည်း ထိန်းကျောင်းပြုစု ရပါသေးတယ်..။ ဦးနေရီ ခေါင်းဆောင်တဲ့ အပေးနဲ့ပျော်ကြတဲ့ ဝေယျာဝစ္စ အဖွဲ့ တွေက တော့ အိမ်သာတွေ နဲ့ အဆောင်တွေ ကို အထူးတလည် သန့်ရှင်း ရတော့တာပါ။
ချက်ပြုတ် တဲ့ ဝေယျာဝစ္စ တွေကို တနေ့ သုံးခါ ကျွေးမွေး စေခဲ့ပါတယ်..။ မနက်စာ မှာသာကူ ဆန်ပြုတ် စတာတွေဖြစ်ပြီး နေ့လည် စာနဲ့ ညနေစာ ကျွေးပါတယ်..။ ညဘက်တွေမှာ တော့ တုန်လှုပ်ခြောက်ခြားနေတဲ့ သူတို့ တွေရဲ့ အပူသောက နဲ့ ထိတ်လန့်မှု ကို ငြိမ်းအေး စေခဲ့ ပါတယ်..။ဒီအချိန်မှာ ဝိပဿနာ တရားနာကြားဘို့ အဆင်သင့်မဖြစ်သေးတာ ကိုလည်း နားလည်ပေး ပါတယ်။
ပရိတ်တရား သံ လေးတွေ ဖွင့်ပေးတဲ့အပြင်..။ လေဒဏ် တင်မက မိုးဒဏ် လှိုင်းဒဏ်ပါခံရတဲ့ ဧရာဝတီတိုင်း ကလူတွေ ရဲ့ ဒုက္ခ ကို ပရိုဂျက်တာ ထိုးပြီး ပြသကာ သူတို့ထက်စာရင်တော်သေးတာပေါ့ ဆိုတဲ့ အတွေး ကို မွေးမြူ စေခဲ့ပါတယ်..။ စိတ်စွမ်းအား များစွာ မြှင့်တင်ပေးခဲ့ပါတယ်။ ဆရာတော်ဘုရားက ဝိုင်းဝန်း လုပ်ကိုင် ကြတဲ့သူတွေ ကိုလည်း ကြင်နာ၊ချို သာ တဲ့ စကား သာပြောဘို့ အထူး တစ်လည် မှာကြား ခဲ့ပါတယ်..။


မုန်တိုင်းဒဏ်ခံစားရတဲ့မိသားစုအချို့

စောင့်ရှောက်ကျွေးမွေး-အပေး နဲ့ပျော်


ပိုင်းလော့ဆရာတော် ဟုဆိုပါလျှင် ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ခန်းနဲ့ ယှဉ်တွဲမြင်ယောက်ကြတာ များပါတယ်။ ခင်ပွန်း ဆိုသည်မှာ ကျေးဇူးပြုဘူးသူ ကို ခေါ်ဆိုတာ ဆိုတော့လည်း ကျေးဇူးတရားကို သိတတ်ဘို့ ဆိုတာ သည် အဓိက ကျတဲ့သင်ကြား မှုဖြစ်ပါတယ်..။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်၊ ကျောတစ်နေရာ ဖျာတစ်ချပ်၊ စကားတစ်ခွန်း နဲ့ မျှ ကူညီ ဘူးရင်ဖြစ်စေ ကျေးဇူး ရှိသွား တာ၊ အဆွေခင်ပွန်း ဖြစ်သွားတာကို ဆရာတော်ဘုရား ကအမြဲ သတိရ ဘို့ မီးမောင်းထိုး ပြခဲ့ပါတယ်..။
တစ်လောကလုံး အတွက် တစိမ်း အပြင်ပြင် အမြင်တွေ မရှိတော့ပါဘူး။ တကယ်တော့လည်း ကျွန်မတို့တွေဟာ တစိမ်းတွေမှ မဟုတ်ကြတာပဲလေ..။ အသင်္ချေ ဆိုတဲ့ ကိန်းဂဏန်း ဟာ တစ်နောက်မှာ သုည အလုံးပေါင်း၁၄၀ ရှိတယ် ဆိုတော့ အသင်္ချေပေါင်း အနန္တ ဆိုတဲ့ သံသရာ သက်တမ်းမှာ ကျင်လည်ခဲ့ ရတာပါ။ အဲဒီထဲ နေရတာဖြစ်ရတာက က ၂၆ ဘုံ ( ၃၁ ဘုံထဲမှာ အရိယာဗြဟ္မာ ကြီးတွေရဲ့ သုဒ္ဓါဝါသ ၅ဘုံ ကိုနှုတ်ထားတာပါ) ဖြစ်လေတော့ ဆွေမျိုးဆိုတာ မတော်ချင်မှ အဆုံး တော်စပ်ခဲ့ရ ဘဝတွေ ..များလိုက်တာ။ ဘယ်မှာ တစိမ်း ရှိလေမည်နည်း။ မေတ္တာဖြင့် စိမ်းလန်းခြင်းသာရှိပြီး မာနဖြင့် စိမ်းကားခြင်း မရှိစေတော့ တာပါ။ အင်မတန် မှနွေးထွေး လှပါတယ်။ ခွင့်လွှတ် နားလည် တယ်ဆိုတာ သိပ်ကို လွယ်ကူ သွားပါတော့တယ်။
ကျေးဇူးဆိုတာ ချေ လို့ ထေလို့ မရ ၊တတ်တဲ့ သဘောတရား လည်းရှိတတ်ပြန်ပါတယ်။ ကျေးဇူးကန်းတယ်ဆိုတာကတော့ ကျေးဇူးကို မမြင်တာပေါ့ ။ မမြင်တဲ့အခါ အပြစ်ယူလို တဲ့ စိတ်တွေ၊ အပြစ်တင်ချင်တဲ့စိတ်တွေ မာန တွေပေါ်လာတတ် တယ် ဆိုတာ သေသေချာချာ သင်ကြားပေး ခဲ့တာပါ။ (ကျေးဇူးမြင်ရင်မေတ္တာ ပေါ်သည်။ကျေးဇူးပျောက်ရင် မာနပေါ်သည် ) ဆိုတာ ကျော်ကြား တဲ့ သြဝါဒဖြစ်တဲ့ အပြင် ပြဿနာများ လှတဲ့ လောက ထဲမှာ အဆင်ပြေဆုံး နေထိုင်နည်းတစ်ခု အဖြစ် ကျင့်သုံးလိုက်နာစေပါတယ်။ မြတ်ဗုဒ္ဓ ရဲ့ အလိုကျ နေထိုင်နည်း တစ်ခုပါ။
စိတ်မရှည် လို့ အော်ငေါက်တာတို့ နှိမ့်ချဆက်ဆံ တာမျိုးမရှိအောင် လည်း သူတို့ရဲ့ ကျေးဇူးကိုဖေါ်ပြပေး ခဲ့ပါတယ်..။ သည်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ ဆွမ်းကို တစ်ဇွန်း တော့ အနည်းဆုံး ခံစားခဲ့ ဘူးတယ်ဆိုတာ ကို ထောက်ပြပေး ခဲ့တာပါပဲ။
ဆရာတော်ဘုရားရဲ့ မေတ္တာရိပ်အောက် မှာ ဒုက္ခသည် ဆိုတဲ့ ညှိုးချုံးသိမ်ငယ် တဲ့ ခံစားရ မှု မရှိရအောင်ဆက်ဆံ ပေးတာဟာ အဓိက ကျတဲ့သွန်သင်မှု ဖြစ်ပါတယ်..။
ဆရာတော် ဟာ ဒီအတွက် ဒီလိုစောင့်ရှောက်ရတဲ့အတွက် တခြားသောတပည့်တွေ ဆီက လုံးဝ အလှူမခံပါ ဘူး။ ဆရာတော်ဘုရား လှူသာလှူ ၍ ယူမဲ့စကား ဘယ်သောခါမှ မိန့်ဆိုခဲ့ခြင်း မရှိပါ။ ဒါပေမဲ့လည်း သတင်းကြား ရတဲ့တပည့် တွေက ဆရာတော် ထမင်းကျွေးနေ တယ် စောင့်ရှောက်နေတယ် သတင်းကြားတာနဲ့ ရေတွေလာပို့ကြ၊ ဆန်တွေ သယ် လာကြ၊ တတ်နိုင်တာမှန်သမျှ လာလှူကြ တာ ကလည်း အဝင်နဲ့ အထွက်မျှတ ၍သာနေပါတော့တယ်။
တကယ်တော့ အဲဒီအချိန်မှာ ကျွန်မ ဟာ မြန်မာပြည်မှာ ရှိမနေခဲ့ပါဘူး။ အီတလီ မှာ Ph.D နောက်ဆုံးနှစ် Thesis နဲ့ နပမ်းလုံး နေ ဖြစ်တဲ့နှစ်ပါ..။မုန်တိုင်းသတင်းကြား ပေမဲ့ ကျွန်မ က ဆူနာမီတုံးကလို ကိုယ့် မြန်မာပြည် က အန္တရာယ်ကင်းဇုံ မှာပဲအမြဲရှိနေသလို မာန်တက်ခဲ့ဘူးကာ…. သတင်းကိုသေချာမဖတ်။ နောက် ကျွန်မ ရဲ့ ဗီယက်နမ် အခန်းဖေါ်မလေး ရဲ့ သူငယ်ချင်း ဗီယက်နမ် ကျောင်းသားလေးက ဋ္ဌာနကိုလာပြီး တခုတ်တရ သတင်းမေးတော့ မှ ကမန်းကတန်းကြည့်ရင်း မျက်လုံးပြူးရပါတယ်..။
အဲဒီအချိန်မှာ Dead toll ဟာ သောင်းကျော် နေခဲ့ပါပြီ..။ ကျွန်မလည်း Thesis ကိုပိတ်ပြီး သတင်းစာမျက်နှာတွေ ရှာဖွေ ဖတ်ရှု ရပါတော့တယ်..။ ကျွန်မ အခန်းဖေါ် ဗီယက်နမ် မလေး မိုင်း က ဗီယက်နမ် ပြန်နေချိန်၊ အဆောင်မှာ အီတလီကျောင်းသားတွေလည်း ကျောင်းပိတ်ချိန် ဆိုတော့ အဆောင် က ည ဆို တိတ်ဆိတ် ထိတ်လန့်ဖွယ်ရာပါ။ ကျွန်မ ရဲ့ အာရုံ မှာ မုန်တိုင်းမြင်ကွင်း တွေက စိုးမိုးပြီး ည ဘက်အိပ်မပျော်တော့ပါဘူး။ ကြောက်လန့် နေတာမဟုတ်တာတော့ အသေအချာ မှတ်မိ နေခဲ့ ပါတယ်..။ တစ်ခုခု လုပ် မှ ဖြစ်မယ် တစ်ခုခု လုပ်မှ ဖြစ်မယ်…ဆိုတဲ့ ဆုံးဖြတ်ချက်က နားထဲမှာမြည် ဟီးနေတာ ပါ ။
အမှန်မှာ ကနောက် ဆုံးနှစ် ရောက်ရင် တတိယနိုင်ငံ တစ်ခုခု ကိုသွားဘို့ကျောင်းကစရိတ်ပေးပါတယ်..။ ကျောင်းသား တွေက ပြင်သစ်၊ဂျာမဏီ၊အင်္ဂလန်၊အိုင်ယာလန်၊ အမေရိကား မှာရှိတဲ့တက္ကသိုလ် များရဲ့ Laboratory များနဲ့ အဆက် အသွယ်များ လုပ်ပြီး သွား ကြပါတယ်..။ အခုတော့ ကျွန်မ သွား မဲ့ နိုင်ငံ ရွေးရပါတော့မည်။ အဲဒါကကတော့ မြန်မာ နိုင်ငံပါပဲဆိုတော့ ကျွန်မ Professor ကို ပြောရပါတော့တယ်..။
Physics Department မှ ဒေါက်တာ မာမာတင်မင်း ဆိုတဲ့ Post-Doctoral Fellow တစ်ယောက် က တရုတ်လူမျိုး မွတ်ဆလင် တစ်ဦးဖြစ်ပါတယ်..။ သူက စာနာနားလည်စွာ ကျွန်မကိုကူညီမယ် ပြောလာပါတယ်..။ကျွန်မတို့ အွန်လိုင်း Pay Pal Account ဖွင့်၊ ပြီး အီးမေးလ် တွေ စေလွှတ်ပြီး Fund-raising လုပ်ကြပါတယ်..။ တော်တော် စိတ်ဓာတ်ရေးရာ အဆင့်အတန်းမြင့်ပြီး ဉာဏ်လည်းကောင်းပါတယ်။ အိန္ဒိယ ၊ဗီယက်နမ် ၊ တရုတ်၊ အာဖရိက၊ အီတလီသူငယ်ချင်း ၊ရူမေးနီးယား၊ဘရာဇီး သူငယ်ချင်း များစွာ ကျွန်မအား ကူညီခဲ့ကြပါသည်..။
မေလ ၂၂ ရက်နေ့ တွင်မြန်မာပြည် ကိုရောက်ခဲ့တော့ ဆရာတော့်ကျောင်းမှာ ခိုလှုံကြ သည့် လူတွေ မရှိတော့ ပါဘူး။ ထမင်းတော့ကျွေး မြဲဖြစ်ပါတယ်..။ ဆရာတော်က အိမ်ဆောက် ပေးပြီး ရွှေ့ပြောင်းနေထိုင်နေကြပြီလို့ ပြောပါတယ်..။ ဟုတ်လားအခုမှ မုန်တိုင်းပြီတာ ရက် ၂၀..ဘယ်လိုဆောက်တာလဲ စိတ်ဝင်စား ရပြန်ပါတယ်။
ဆက်ပါဦးမည်။

2 မှတ်ချက်ရေးရန်:

ဓမ္မဂင်္ဂါ said...

Eagerly waiting for New Articles

Anonymous said...

Dear Ahma,

Thanks for sharing your story.

It is very interesting.

Please let me read the rests.

Thardu… Thardu…Thardu…

ML TLM