Saturday, April 23, 2011

ခိုလှုံရာအစစ် ၊ အိမ်အသစ်တွေ…


ဆောက်လုပ်ရေးကော်မီတီဝင်ဘုန်းဘုန်းများ

မြန်မာပြည်ကို ပြန်လည်ရောက်ရှိ တာ နဲ့ ယူရို ၂၀၀၀ ခန့်နဲ့ ညီမျှ တဲ့ မြန်မာငွေ အလှူငွေများ၊ ရောမရှိ (သန္တစိတ္တရာမ-အာဂျန်ချား ) ကျောင်း မှလှူဒါန်း လိုက်တဲ့ ထိုင်း သင်္ကန်းများကို ဆရာတော်ဘုရားထံ ဆက်ကပ် လှူဒါန်း လိုက်ပါတယ်။ ပြီးနောက် ကျွန်မ အား အစားအစာ ချက်ပြုတ် ပေးဝေ နေတဲ့နေရာ၊ သို့မဟုတ် - တခြားသော နေရာတစ်ခုခု မှာ ခိုင်းစေရန် လုပ်အားတစ်လ တိတိ လှူပါကြောင်း ကျွန်မ လျှောက်ထားခဲ့ပါတယ်..။ တကယ်လည်း စိတ်ပိုင်းဖြတ် ထားခဲ့တာ အမှန်ပါ။

ဆရာတော်ဘုရား က တစ်လ တကယ်ရတာသေချာ သလားတဲ့ မေးပါတယ်။ မှန်ပါကြောင်းလျှောက်ထားတော့ သြစတေ လျနိုင်ငံ ဆစ်ဒနီမြို့ မှာ ဆရာတော် ဟောကြားသော တရားတော် စီဒီ *မောဟ နဲ့ ပညာ * ကို ယူ၍ ကျွန်မကိုပေးပါတယ်။ တရားကိုနာပါ ပြီးတော့ စာရိုက်ရန် အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုရန် အလုပ် တာဝန် ကို တစ်လအတွင်းလုပ် ပေတော့တဲ့။

ချက်ချင်းဆိုသလို ကျောင်းအောက် က လက်တွန်းလယ်ထွန်စက် နေရာသို့ ခေါ်ယူပြ ပြခဲ့ပါတယ်..။ ထိုလက်တွန်း လယ်ထွန် စက် သည် ကွမ်းခြံကုန်းမြို့နယ် က တောကျောင်းရွာ ကလေးအတွက်ဆိုတာ နောက်မှ သိပါ တော့တယ်။ (နောက်ပိုစ့်မှာ တင်ပြပါ့မယ်) ကျွန်မ သေချာမသိသော်လည်း ဓာတ်ပုံရိုက်ယူခဲ့ပါတယ်..။ ကျွန်မ က ဒုက္ခသည် ဆိုသူများ နှင့် တွေ့ချင် လှပါ ပြီ..။ ထပ်ပြီးတစ်ဖန် လျှောက် တော့ မှ ထိုနေရာများကိုသွား ဘို့ စီစဉ်ပေး ခဲ့ပါတယ်..။

ဘုန်းဘုန်း ဦးသုန္ဒရ ၊ ဘုန်းဘုန်း ခေမာစာရ နှင့် အမ ဒေါ်တင်ဝင်း တို့ကို အဖေါ်ထည့် လိုက်ကာ ကျောင်းအနီး ရှိ ရပ်ကွက် များထဲ လှည့်လည်ခွင့် ရပါတော့တယ်..။ ဘုန်းဘုန်းနှစ်ပါးကို မြင်တာနဲ့ တဲအိမ်လေး တွေ မှ လူများ လက်အုပ်လေး တွေချီ ပြီးထွက်လာ ကြကာမြေပြင် မှာတင် ဦးချ ကန်တော့ကြပါတယ်..။ အမှန်တကယ် ကျေးဇူးတင်နေခဲ့ပြီကိုး။

မိုးညှင်းသိင်္ဂီ ကျောင်းမှာ ခိုလှုံပြီး တစ်ပတ် ခန့်ကြာ တဲ့ အချိန်မှာ နေရာမှာ ပြန်နေဘို့ မဖြစ်မနေ လိုအပ်လာခဲ့ပါ တယ်..။ ပုံမှန် လက်ရှိ ဘဝကို ပြန်လည် စတင်ရတော့မှာမဟုတ်ပါလား ။ ဆရာတော်ဘုရား က နားလည်လှစွာ အိမ်ဆောက်ရေး စီမံကိန်း ကို အရေးပေါ် ရေးဆွဲပါတယ်..။

အိမ်ပြိုပျက်တဲ့ မူလ နေရာဟောင်း မှာ စာရင်းကောက် လူဦးရေစာရင်း ယူ ကာ နေလို့ ဖြစ်တဲ့ ဝါးကြမ်းခင်း၊ မဒမ သစ်သားတိုင် နှင့် ဓနိ မိုး အိမ်လေးတစ်လုံး ကို နမူနာ ဆောက် စေခဲ့ ပါတယ်..။ ကုန်ကျစရိတ်ကို တွက်ချက်လိုက်တော့ မြန်မာငွေ ရှစ်သောင်း ခန့်ကုန်ကျတာ ကိုမှတ်သား ပြီး ဘတ်ဂျက် သတ်မှတ်ကာ တစ်လုံးပြီး တစ်လုံး စဆောက် ပါတော့တယ်..။

ဆရာတော်ဘုရား က သက်ဆိုင်ရာ မိသားစုကိုခေါ် ထိုမိသားစုမှာ ယောင်္ကျား သား ပါဝင်သလား ကူညီ ဆောက်လုပ်ပေး နိုင်တယ်ဆိုရင် ကြီးကြပ် တဲ့ ဘုန်းဘုန်း ၂ပါး ၊ ဆရာတော်ဘုရား ရဲ့ တပည့် လုပ်အားပေး ယောင်္ကျား ၂ ဦး ထည့်ပေးပါတယ်..။

Add Image
ဆောက်လုပ်ရေးကော်မီတီဝင်တွေအိမ်ဆောက်နေကြတာ

ယောင်္ကျားသား မရှိတဲ့ အိမ်ထောင်ဆိုလျှင် တော့ လုပ်အားပေးအမျိုးသား က ၃ဦး ပါခဲ့ပါတယ် ။ အံတီပြုံးခေါင်းဆောင်တဲ့ ချက်ပြုတ် ကျွေးမွေးတဲ့ အဖွဲ့ ကလည်းကျွေးမွေး မပျက် ကျွေးမွေးလျှက်ပါ..။ ဦးနေရီ ခေါင်းဆောင်တဲ့ အဖွဲ့ ကတော့ လိုအပ်တဲ့ ဝါးတွေ၊ ဓနိတွေ တိုင်တွေ ကို ဝယ်စုရတော့တာပါပဲ။ ကျွန်မ ရောက်တဲ့အချိန်မှာတော့ ဓနိ ဝယ်လို့မရတော့လို့ အိမ်မိုးတဲ့ တောင်ထန်းရွက် တွေရ ဘို့ မွန်ပြည်နယ် ဘက်တွေ ထိသွား ဝယ်နေတာတွေ့ခဲ့ ရပါတယ်..။

အိမ်တစ်လုံး စီ ပြီး ပြီဆိုတာ နဲ့ သက်ဆိုင်ရာမိသားစုကို ပြန်လည်ရွှေ့ ပြောင်းစေခဲ့ပါတယ်..။ မိသားစုက ၅ယောက် အထက် ဆိုလျှင် ဆန်တစ်အိတ် နဲ့ ငွေ တစ်သောင်း၊ မိသားစု က ၅ယောက်အောက်ဆိုလျှင်တော့ ဆန်အိတ်ဝက်နဲ့ ငွေ ၅ထောင် စီပေး အပ်ပြီး မှ ရွှေ့ပြောင်းစေခဲ့ ပါတယ်..။

လက်လုပ်လက်စား မိသားစု တွေဆိုတော့ တစ်နေ့လုပ်မှ တစ်နေ့စား ရရှာတာပါ။ အတိမ်းအစောင်းမခံ တဲ့ဘဝတွေဆိုတာ ဆရာတော်က သိထားပါတယ်..။ အခုလို ဖြစ်သွားတဲ့ အချိန်မှာ အလုပ်မလုပ် နိုင် တော့ ပုံမှန် ဝင်ငွေမှန်သမျှ ရပ်ဆိုင်း သွားပါပြီ..။ လေထဲလွင့်ပါမသွား တဲ့ အိုးခွက်ပန်းကန်တွေ ပြန်လည်စုစည်းတဲ့အခါ ကွဲ တဲ့ဟာလည်းကွဲ၊ ပျောက်တဲ့ဟာ လည်း ပျောက် ပေါ့လေ။ ဒီတော့ အကြွေးသံသရာ မှာ တစ်ဖတ်ပြန်လည် နစ်ရပေအုံးတော့မယ်။ ချေးငှား၊ပေါင်နှံ ရတာ တွေ နဲ့ လုံးလုံးထွေးထွေး ရုန်းကန်ရပါလိမ့်အုံးမယ်။

ဒီလို ဒီလို ဘဝတွေကိုနားလည် ခံစားပေးဘို့ ဆရာတော် ဘုရား က တစ်ခါ တစ်ခါ တရားထဲမှာ ထည့်ဟောတတ်ပါ သေးတယ်..။ လင်ပြန်ပေး ချေးငွေ ဆိုတာ… လည်း ရှိပါသတဲ့။ မနက်မှာ အလုပ်ထွက် လုပ်တဲ့ ယောင်္ကျား ပြန်မလာခင်မှာ တစ်နေ့တာ ကလေးတွေ နဲ့ စားဘို့ သောက် ဘို့ လိုအပ် နေတာမို့ ထင်းဝယ်၊ ဆန်ပြေးဝယ် ငပိတို့စရာဝယ် ဘို့ ငွေလိုပါ တယ်..။ ညနေ လင်ယောင်္ကျား ပြန်လာမှ ပြန်ဆပ်ရတာ မို့ လင်ပြန်ပေး ချေးငွေ လို့ခေါ်တာပါ။ ညနေ လင်ပြန်လာလို့ အားလုံး စားသောက်ပြီး တဲ့အချိန်မှာ အကြွေးလည်းကင်းပြီ မို့ မိသားစုရေမိုးချိုး သနပ်ခါး အဖွေးသားလိမ်း ဗီဒီယို ရုံ ချီတက် ကြတော့တာ တပျော်တပါး။ မနက်ဖြန် ဆို တာ ကို နောက် တနေ့နေထွက် မှ သာခေါင်းထဲ ထည့်ကြတော့ တာပါ။

သူတို့ သူတို့ ရဲ့ ဘဝ တွေကိုဘုန်းဘုန်းက များစွာ နားလည် ထားခဲ့ပြီးသားပါ။ ဒါကြောင့် လည်း နှလုံးသားကို ထပ်တူပြု ပြီး ခံစား နားလည် ပေးခဲ့ တာဖြစ်ပါတယ်..။

လှူတဲ့အခါ မှာ

သူ့ဆန္ဒသည် ကိုယ့်ဆန္ဒ

သူ့ ဘဝ သည် ကိုယ့်ဘဝ

သူ့နောင်ရေးသည် ကိုယ့်နောင်ရေး

သူ့ ခံစားချက်သည် ကိုယ့်ခံစားချက်

သူ့ နှလုံးသားသည် ကိုယ့်နှလုံးသား ထပ်တူ ပြုပြီး လှူဒါန်း ခဲ့ရင် ကိုယ့်အတွက်ဆိုတာ ပျောက်ပြီး ပါရမီ ထိုက်တဲ့ ဒါနဖြစ်စေပါတယ်။ ကြီးကျယ် မြင့်မြတ်လှ စွာ ဒါနပါရမီ အဖြစ် ဖြည့်ဆည်း နိုင်တယ်ဆိုတဲ့ သင်္ခန်းစာ ကိုဆရာတော် ဘုရားရဲ့ တပည့်တိုင်း နားလည် ကျေညက်ခဲ့ကြ ပြီးသားဖြစ်ပါတယ်..။


မေတ္တာစေတနာ ခိုလှုံရာ ရခဲ့ပြီ မို့ ဓနိ ရဘို့စောင့်နေသော်လည်းပျော်ပျော်ရွှင်ရွှင်

ငွေများစွာမရှိ သော်လည်း အေးမြတဲ့ ရေတစ်ခွက်ကို ပါရမီ ထိုက်အောင်လှူတတ်ကြပါတယ်..။

နေပူထဲကလာ ခဲ့ရလို့ ရေငတ် မောပန်း နွမ်းလျ လာသူ ရဲ့ နှလုံးသားကို အပြုံးလေးနဲ့ ဆီးကြို ၊ အေးမြ တဲ့ရေစင်လေး တိုက်ကြည့်ပါမယ်..။ သန့်စင်ကြည်လင် သွားအောင် ဖန်ခွက်ကလေးကို သေချာဆေး၊ ရေအိုးထဲက ရေအေးအေးလေး ကို စေတနာအပြည့်နဲ့ဖြည့် ၊ ပြီးတော့မှ ရိုရိုသေသေ တန်ဘိုးထား ပြီး လက်နှစ်ဘက် နဲ့ ပြုံးပြုံးရွှင်ရွှင် ပေးလှူတတ်ကြ ပါတယ်..။ ကြည်လင်အေးမြပြီး အမောပြေသွား တဲ့အလှူခံပုဂ္ဂိုလ် ဟာ ရေတင်မက စေတနာ မေတ္တာတွေနဲ့ ရွှင်လန်း အေးမြ သွား မှုပီတိသည် လည်တိုင် ကတဆင့် နှလုံးသားထဲ ထိ စီးဆင်းဝင်ရောက် တော့တာပါ။ ဒါ ကို မြင်အောင်ကြည့်ခိုင်း ပါတယ်။ ထပ်တူ ပျော်ခိုင်းပါတယ်..။ အဲဒီအခါ ကျွန်မ တို့ ရဲ့နှလုံးသား မှာ ပါရမီသတ္တိ ကိန်းတော့တယ်ဆိုတာ နားလည် ရပါတော့တယ်။


လင်ပြန်ပေး တောင် ချေးစရာမရှိသူများ

ဒါက ရေ ဥပမာ ပါ။ ရေမဟုတ်လည်း အိုက်နေရင် လေလေး ယပ်ခပ်ပေးနိုင်သေးတယ်၊ဆောင်းတွင်းဆိုရင်လည်း ရေနွေးကြမ်းလေး တစ်ခွက်ပေါ့လေ..။ ငွေမရှိ လို့ မလှူ နိုင် ဆိုတဲ့အကြောင်းပြချက်က မသိသေးလို့ပါ။ စေတနာသာ အဓိကကျ တယ်ဆိုတာ သိရှိ သင်ယူရပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲက တိမ်မြုပ်နေတဲ့ စေတနာ စွမ်းအား ကို ထုတ်ယူတဲ့နည်း လေးတွေဖြစ်ပါတယ်..။ အဲဒီစေတနာ စွမ်းအား အနည်းအများ ၊ အကြီးအသေး ၊ အတိမ်အနက် ကိုလိုက်ပြီး အကျိုးပေး တွေကွာခြား ကြတာကို လည်း နားလည် ထားကြပါတယ်..။

အခုလို အကြီးအကျယ် ဒုက္ခရောက်နေသူများနဲ့ တွေ့ခွင့်ကူညီခွင့် ရနေချိန် ဆိုတော့ စေတနာကြီးကျယ်လိုက် သည်မှာ ဆိုဘွယ်ရာ မရှိတော့ပြီပေါ့။

အခုပေးလှူလိုက်သော ငွေ လေးတွေ ကတော့ အပေါင်ပစ္စည်းလေးတွေ ရွေးယူစေဘို့ပါ။ တချို့ က ချိုင့်တွေ အိုးတွေ၊ ထဘီတွေ ပုဆိုးတွေ၊ အင်္ကျီ တွေရွေးယူ ပြီး ပေါင်နှံထားတဲ့ ပစ္စည်း နဲ့ ဘဝကို ပြန်လည် တည်ဆောက် ရပါလိမ့်မယ်..။ဒီလို နေချိန်မှာ ဆိုက်ကား နင်းတဲ့လူ ပြန်နင်း။ အဝတ်လျှော် တဲ့လူလည်းပြန်လျှော်၊ ကွမ်းယာဆိုင်ထွက်တဲ့လူလည်း ဆိုင်ပြန်ထွက် ဈေးရောင်းတဲ့လူကလည်း ပြန်ရောင်း ပေါ့လေ..။ အိမ်မှာဆန်အိတ် နဲ့ငွေထောင်ပေး လိုက်တော့ ဘဝအသစ် ကို ရင်ဆိုင်တည်ဆောက်ဘို့ ခွန်အားတွေ အပြည့် နဲ့ ကနဦးအရှိန် ရရှိစေတာ့တာပါ။

အသက် ၆၀ ကျော် အဖွားအို တစ်ဦး ဟာ ကိုယ်တိုင် အိမ်မိုးဘို့ တက်ကြွနေခဲ့ပြီး..။ လင်ပြန်ပေး လေး ချေးစရာ တောင် မရှိရှာတဲ့ မုဆိုးမ၊ တစ်ခုလပ်၊ လင်ပျောက်သူ ( နိုင်ငံခြား အလုပ်လုပ်တယ်ဆိုပြီး ပြန်မလာသူ) အမျိုးသမီး တွေ ကတော့ ကိုယ်တိုင် အိမ် တက်မိုးနိုင်ကြတဲ့ထိ ရဲရဲရင့်ရင့် ဖြစ်နေကြပါတော့တယ်..။ (ကျွန်မ အမှတ်တရ ဓာတ်ပုံ ရိုက်လာခဲ့ပါတယ်)။

သည်ထမင်းထုပ်လေးတွေ ကတော့ အပေါင်ဆိုင်ကနေဝေးစေပါလိမ့်မယ်

ဆရာတော်ဘုရား ကျောင်းမှာ တစ်နပ်စာ ထမင်းဟင်းကို လာရောက် ယူငင်စေခဲ့တာ ဂျူလိုင် လ ဆရာတော် အမေရိက မကြွခင် အထိဖြစ်ပါတယ်။ ဘယ်လောက်အကြွေးကင်းသွား မလဲစဉ်းစားသာ ကြည့်လိုက်ပါတော့နော်။

အရင်လို သုံးနပ်မဟုတ် တော့ပဲ တစ်နပ်စာ သာ ဖြစ်ပေမဲ့ ညနေထိပါ စားလို့ ရကြောင်း ကျွန်မကို ပြန်လည် ပြောပြကြ ပါတယ်..။

အကွက် ၁၆ ကိုဖြတ်သန်းပြီး ၁၇ ထဲကို ဝင်တော့မဲ့အချိန်မှာ အကွက် ၁၇ ရဲ့ အပိုင် ရပ်ကွက်ဥက္ကဋ္ဌ က ကျွန်မတို့အဖွဲ့ လက်ဘက်ရည်သောက် ရန် အတင်းဖိတ် ခေါ်ပါတယ်..။ ဒီတစ်ကြော မှာတော့ မိုးညှင်းသိင်္ဂီ ဆိုတဲ့ နာမည် က ဟိန်း ပါတော့တယ် တဲ့။

ဆက်ပါအုံးမည်။

7 မှတ်ချက်ရေးရန်:

မောနေယျ said...

ပုံလေးတွေ ကြည့်လိုက်..
စာလေး ဖတ်သွားလိုက်...
အင်းး...ပြုံးရမလို...မဲ့ရမလိုပါလား

သစ္စာအလင်း said...

မြန်မာ နိုင်ငံအခြေခံလူတန်းစားတွေရဲ့ ဘဝပါ ဘုရား။ တောနေလူတန်းစားကတော့ လယ်လေးချောင်းလေး နဲ့ ဟန်ကျပန်ကျ ရှိကြမယ်ထင် ပါတယ်..။အမျိုးမျိုးပေါ့နော်..ကိုသိုလ် အကုသိုလ ဆိုတဲ့ အကြောင်းတရားတွေ ဆက်ဆွေးနွေးကြည့်ချင်ပါသေးတယ်။

ဖိုးသား said...

ကျေးဇူး တီလေး...

စွမ်းအားတွေ ထုတ်ယူတတ်အောင် သင်ကြားလမ်းပြပေးတဲ့ ဆရာတော်ဘုရားကိုလည်း ကျေးဇူးတင်စွာ ဦးညွတ်ပါတယ် ဘုရား..။

သစ္စာအလင်း said...

သားရေ သားလို Great Efficiency ရှိတဲ့ ပညာရှင်တယောက်က ခံယူချက်ကောင်း တခုရသွားတယ်ဆိုရင် ရေးရကျိုးပါပြီ..။ အစကတော့ ပြည်သူ့ဂုဏ်ရည် ဘွဲ့ အတွက်ပဲ..။ဒါပေမဲ့ဆရာတော် က ဘွဲ့ထက် ဘုရားရှင်ဟော တဲ့ကျင့်စဉ်တွေကို ဟောတရားတွေကတဆင့် ရရှိကျင့်ကြံသွားတာကို ပိုအလိုရှိမယ်လို့ တွေးမိတယ်..။ဒါနဲပ အဆုံးအမ လေးတွေကိုအသားပေး ရေးလိုက်ပါတောတယ်သားရေ..။ကျေးဇူးပါ။

သစ္စာအလင်း said...

သားရေ သားလို Great Efficiency ရှိတဲ့ ပညာရှင်တယောက်က ခံယူချက်ကောင်း တခုရသွားတယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ..။ အစကတော့ ပြည်သူ့ဂုဏ်ရည် ဘွဲ့ အတွက်ပဲ..။ဒါပေမဲ့ဆရာတော် က ဘွဲ့ထက် ဘုရားရှင်ဟော တဲ့ကျင့်စဉ်တွေကို ဟောတရားတွေကတဆင့် ရရှိကျင့်ကြံသွားတာကို ပိုအလိုရှိမယ်လို့ တွေးမိတယ်..။ဒါနဲ့ပဲ အဆုံးအမ လေးတွေကိုအသားပေး ရေးလိုက်ပါတောတယ်သားရေ..။ကျေးဇူးပါ။

April 24, 2011 2:31 PM

Anonymous said...

Mo Mo Tin

ဟုတ်တယ်အမရေ အမတို့လို လူမျိုးတွေရှိလို့လဲ တော်တော်သေးတယ်
မိုမို့အကိုလဲ ဧပြီလဆန်းထဲက နာဂစ်တုံးကထိထားတဲ့ ဘုန်းကြီးကျောင်းနဲ့ရွှာစာကြည့်တိုက်အတွက် နိုင်ငံခြားကလှုထားတဲ့ အလှုငွေတွေအတွက် အမလိုဘဲ ကိုယ်တိုင် သွားကြီးကြပ်နေတာ ခုထိမပြီးသေးဘူး
မေမေပြောတော့ ငွေလိုလို့ ရန်ကုန်ခဏပြန်လာတာ ကုလားလေးလို မဲပြီးခြောက်လာတာဘဲတဲ့။ လပ္ပတ္တာမှာလေ။


Mo Mo
-----
Nothing is Permanent

Aung Nursery said...

အန်တီရေ ကျွန်တော် အလုပ်တာဝန်ကျတဲ့ တစ်လတာ ကာလလေးကို သတိရနေတယ်။ ဘိုကလေး အပိုင်က ရွာတွေပေါ့။ ကျွန်တော် နိုင်သလောက် မနားပဲ အလုပ်လုပ် စိုက်ပျိုးရေးအကြောင်း ပြောပြ၊ ခြံတွေထဲ လိုက်ကြည့်နဲ့။ ရွာသားတွေဆို ကျွန်တော်ကို အရမ်းချစ်ကြတယ်။ မကွေးမှာ နေတော့လည်း အဆက်အသွယ် မပြတ်ဘူး။ ဒီလာခါနီး သင်တန်းတစ်ခေါက် သွားပေးတယ်။ NGO တစ်ခုက သင်တန်းကြေး ပေးပေမယ့် လမ်းစရိတ်ပဲ ယူပြီး ပြန်လှူပါတယ် ဆိုတာ အတင်းပြန်ပေးနေလို့ တ၀က်ရအောင် ပြန်လှူခဲ့တယ်။ အခု ဒီရောက်နေတာတောင် ဖုန်းခေါ်ဖြစ်တယ်။