Thursday, April 21, 2011

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် နှင့် ပြည်သူ့ဂုဏ်ရည်ဆု

နိဒါန်း

ဒီနေ့ မနက် ကျွန်မရဲ့ အီးမေးလ် ထဲကို အမေရိက မှ ဆရာမ ဒေါက်တာ စန်းစန်းဋ္ဌေး ရဲ့ စာလေးတစ်စောင် လက်ခံ ရရှိခဲ့ပါတယ်..။

အရင်က ကျွန်မ မသိရှိဘူးသေးတဲ့ ပြည်သူဂုဏ်ရည် ဆုအကြောင်း ကို သေချာ စွာသိရှိလိုက်ရပါတယ်..။ “အမေရိကန်ပြည်ထောင်စုရောက် ပြည်ထောင်စုမြန်မာနိုင်ငံမှ မိသားစုများ” ရဲ့စေတနာ နဲ့ မွန်မြတ်သော ရည်ရွယ်ချက်ကို အွန်လိုင်း နဲ့ ဝေးခဲ့သောကျွန်မ အခုမှ သိရှိခွင့်ရခဲ့ပါတယ်..။ အော် ကောင်းလေစွ၊ တော်ပေစွ၊ အားပေးနိုင်စွမ်း ရှိပါပေစွ လို့ ကျွန်မ သာဓုအကြိမ်ကြိမ် ခေါ်ရပါတယ်..။အမိမြေ ရဲ့တောတောင်ရေမြေ ကိုမှီတည်ပြီး ကြီးပြင်းရှင်သန် ရတဲ့ကျေးဇူးတရားကို မမေ့ပဲကိုး။ အဝေးတစ်နေရာ ရောက်နေရ သော်လည်း တတ်နိုင်တဲ့ နည်းနဲ့ အကျိုးပြုစေရန်ရည်ရွယ်ပြီး ချီးမြှောက်တဲ့ လုပ်ငန်း တွေလုပ်ဆောင်နေသော ပြည်သူ့ဂုဏ်ရည် အဖွဲ့ (http://2011.citizenofburma.org) ရဲ့ ဆောင်ရွက်ချက်များ ကို ကျွန်မ က လေးစားဦးညွတ်မိပါတယ်..။

အခု ဧပြီ လက တော့ ၂၀၁၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့် ချိန် ရောက်ခဲ့ပါပြီ..။ ၂၀၁၀ ခုနှစ်အတွက်ကတော့ နာရေးကူညီမှုအသင်း မှ ဦးကျော်သူ ကပြည်သူ့ဂုဏ်ရည် ဦးကျော်သူ အဖြစ် ထိုက်ထိုက် တန်တန် ဆုရရှိ ခဲ့ပါတယ်..။အခု ၂၀၁၁ အတွက် ဇကာတင် ပြည့်သူ့ဂုဏ်ရည် လောင်း၂၀ ဦးကို ရွေးချယ် ခဲ့ ပြီး ပါပြီ။ ထို ထို သော ၂၀ ဦး ထဲမှ ၅ ဦး(သို့) ၅ဖွဲ့ ကို cobalavote@gmail.com သို့ အီးမေးလ် ပို့၍ မဲပေး ရွေးချယ်ရမှာဖြစ်ပါတယ်။ ထိုထဲမှ မဲအများဆုံး ဇကာတင် တစ်ဦး(သို့)တစ်ဖွဲ့ကို မေလ၅ရက်နေ့မှ ၁၄ရက်နေ့ည သန်းကောင်ယံချိန်ထိ စောင့်ကြည့်ကာ မဲအရည်အတွက် ပေါ်မူတည်ပြီး ၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည် ဆု ရသူကိုရွေးချယ် မှာဖြစ်ပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး ကတော့ ၂၀၁၁ ပြည့်သူ့ဂုဏ်ရည် ဆု ဇကာတင် ၂၀ အမည်စာရင်းတွင် ပါဝင်လျက်ရှိနေပါပြီ..။ရွေးချယ် ရတဲ့အကြောင်း ရင်းကို ကျွန်မ ဖတ်ကြည့်လိုက်တော့ …..

(နာဂစ်မုန်တိုင်းအပြီး ကွမ်းခြံကုန်း၊ ဒေးဒရဲအပိုင် ကျေးရွာများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူ ထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများ ဦးဆောင်ကူညီမှုများ ပေးအပ်ခဲ့သည်။ ရွာသားများနှင့် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖြေသိမ့်မှု များ ဆောင်ရွက် ပေးရုံသာမက ရွာသားများအား ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ကြံဆဆောင်ရွက် လာနိုင်အောင် စည်းရုံး ဦးဆောင်နိုင်ခဲ့သည်။) လို့ ရေးသားထားတာ တွေ့ ခဲ့ရပါတယ်။

အဲဒီမှာတင် ဒီမျှ မကလေဘူး ဆိုတဲ့ အသိ က ရုန်းကန် နိုးကြားလာခဲ့ပြီး မှတ်တမ်းတင် ပူဇော် လိုစိတ်ဖြစ်ခဲ့ရပါတယ်..။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရား ကတော့ ဆု ရခြင်းမရခြင်း အပေါ် သူတော်ကောင်းပီပီ မည်သို့မှ ခံစားလိမ့်မည် မဟုတ်ပါ..။သူလုပ်စရာရှိတာကို လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပါသည်။ ကျွန်မသည် လည်း ဆရာတော် သင်ကြားပေးသော ပညာ ဖြင့်နေထိုင်ဘို့ ကြိုးစားရင်း ကျော်ကြားမှု ကို လိုချင်တမ်းမက် စိတ် ရှိရန် မသင့်ပါ။ သို့သော်လည်း တပည့်ရင်းတစ်ဦး အနေဖြင့် ဆရာတော်ဘုရား၏ မွန်မြတ်သောနှလုံးသားကို ချီးကျူး ပူဇော်ရန် ချိန်ခါသင့် ၍ အခွင့်သာ ခဲ့တာကို တော့ ကျွန်မ သဘောပေါက် ခံယူမိလိုက်ပါတယ်..။

မြန်မာ နိုင်ငံနာဂစ်မုန်တိုင်းသင့်စဥ်ကာလ ကဆရာတော် ဆောင်ရွက်ချက်များ ကို ကျွန်မ က အလွတ်သဘော ကိုဝင်းမြင့် (အခုဒေါက်တာဝင်းမြင့်ဇော်)ကို ပြောပြခဲ့ဘူးပါတယ်။ သူက ဆရာတော်ဘုရားရဲ့ Website http://www.pilotsayadaw.net ကို ရေး သားတာဝန်ယူနေသူမို့ ကျွန်မ အား ဆောင်းပါးရေးရန် ပြောခဲ့ ပါတယ်..။ ကျွန်မ မရေး ဖြစ်ခဲ့ပါ..။ အခုတော့ လေးစားမြတ်နိုးလက်အုပ်မိုး ၍ ရှိခိုးပူဇော် ရေးသားပါတော့မည်။

ဆု ရရှိ ရန် အတွက် ဂုဏ်ဖေါ်ခြင်း၊ ကျန် ပြိုင်ပွဲဝင်ဇကာတင်များ ကို နှိမ့်ချပြီး ကိုယ့်ဘက် ကို ကိုယ် မြှင့်တင်၊အမွှန်းတင် ဖေါ်ထုတ်လို ၍ မဟုတ်ပါကြောင်းသစ္စာ ဆိုအပ်ပါသည်။ ကျွန်မ မသိသော အကြောင်းအရာကို ကျွန်မ မရေးနိုင်သော ကြောင့် ကျွန်မ သိသော ဆရာတော့် အကြောင်းကိုသား ရေးသားခြင်း ဖြစ်သည်ကိုနားလည် ပေးကြစေ လိုပါသည်ရှင့်။ မေ လ ၅ရက်နေ့မှ စတင် ၍ မဲပေး နိုင် ပါသဖြင့် ဒီနေ့မှ စတင်ပြီး ကျွန်မ ဘလော့ဂါ သစ္စာအလင်း ၏ စာမျက်နှာ များတွင် ဤအကြောင်းအရာများ ကိုသာ ခေါင်းစဉ်များ ခွဲ ၍ ရေးသားသွားမည် ဖြစ်ပါကြောင်း နိဒါန်းပျိုး ဖေါ်ပြအပ်ပါသည်။

ပါရမီမေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: