Saturday, April 16, 2011

အနာခံမှ အသာစံရ



သတ္တဝါသည် အတ္တမှပေါက်ဖွားသည့်အတွက် အရာရာတိုင်း၌ အတ္တကိုဦးစားပေး၏။ အတ္တကို

ကောင်းကျိုးပြုသူတို့အတွက်သာ ကောင်းကျိုးပြန်လည် ပြုချင်၏။ ကောင်းကျိုးဆောင်ရွက်မှု အတော်

များများသည် အတ္တနှင့် ဆက်နွယ်နေသည်ကများ၏။ ထိုအခါ အနာခံမှုနှင့် အသာစံမှုတွင် အနာခံမှုကို

မလိုလားကြ၊ အသာစံမှုကိုသာ လိုလားကြသည်။ အတ္တအားကြီးလေလေ အနာမခံလေလေဖြစ်၏။ စင်စစ်ကား အနာမခံလျှင် အသာမစံရ၊ အနာခံမှ အသာစံရ၏။

အနာခံမှုသည် စွန့်လွှတ်မှုပင်ဖြစ်၏။ ထိုအနာခံ စွန့်လွှတ်မှုသည် ရုပ်ပိုင်းဆိုင်ရာ အနာခံ

စွန့်လွှတ်မှု၊ စိတ်ပိုင်းဆိုင်ရာ အနာခံစွန့်လွှတ်မှု၊ စကားအရာ အနာခံစွန့်လွှတ်မှု ဟု အမျိုးမျိုးရှိ၏။ရုပ်ပိုင်း

ဆိုင်ရာတွင် ကိုယ်ချမ်းသာမှု၊ ငွေကြေးဥစ္စာ၊ ဆွေမျိုးအသိုင်းအဝိုင်း စသည်များပါဝင်၏။ စိတ်ပိုင်းဆိုင်ရာ

တွင် စိတ်ချမ်းသာမှု၊ ထင်ပေါ်ကျော်စောမှု၊ အရေးပေးခံရမှု၊ ကျေးဇူးတင်ခံရမှု၊ နေရာရမှု၊ နာမည်

ကောင်းရမှု စသည်များပါဝင်၏။ ထိုအရာတွေကို စွန့်လွှတ် အနစ်နာခံရ၏။ သူတစ်ပါးစိတ်ချမ်းသာဖို့

အတွက် မိမိက စိတ်ဆင်းရဲခံသင့်လျှင်ခံရ၏။ စကားအရာတွင် စီးစီးပိုင်ပိုင်၊ မချေမငံ၊ မလေးမစား၊ မပြေ

မပြစ်၊ မတည်မကြည်၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လေသံမာမာပြောသော စကားမျိုး စသည့် ကဏ္ဏသုခ

မဖြစ်သော စကားမျိုးကို ခွင့်လွှတ်သည်းခံခြင်းဖြင့် အနာခံရ၏။

စွန့်စား ဟူသည် စွန့်သောသူတို့သာ စားကြရ၏။ ထိပ်တန်းမှာ ရောက်နေသူတို့သည် စွန့်လွှတ်

အနစ်နာခံပြီးမှသာ ရောက်ကြရသည်ဖြစ်၏။ မစွန့်လွှတ်ဘဲ၊ အနစ်နာမခံဘဲနှင့် ဘာမျှမအောင်မြင်နိုင်။

ထိပ်တန်းသို့လည်းမရောက်နိုင်၊ ထို့ကြောင့် အသာစံလိုပါက အနာခံကြရမည်။

ကိုယ့်အလုပ်သာ ကိုယ်လုပ်ပါ

ကြီးပွားခြင်း၏ အခြေခံအုတ်မြစ်သည် အလုပ်ဖြစ်သည်။ ကြီးပွားချင်လျှင် လက်တွေ့ကျကျ

အလုပ်လုပ်ရမည်။ အလုပ်ကောင်းလျှင် ကံကောင်းလိမ့်မည်။ အလုပ်လုပ်ရာ၌ ဝီရိယမပါ၍မဖြစ်။ ဝီရိယ

ရှိသူတို့သာ အလုပ်ကြိုးစားကြသည်။ ထို့ကြောင့်ဝီရိယနှင့် ကံ ကိုတစ်ထပ်တည်းမှတ်ယူရမည်။ ဝီရိယ

ကောင်းသူတို့သာ ကံကောင်းကြသည်။ ဝီရိယ မရှိသူတို့သည် ကံမကောင်းနိုင်ကြပေ။

မိမိဘဝ လက်ရှိအနေအထားနှင့် တိုက်ရိုက်သက်ဆိုင်နေသော အလုပ်ကို ကြိုးစားလုပ်သူတို့

သာ ရှေ့တန်းရောက်ကြသည်။ ဘာသာရေး၊ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး စသည့် နယ်ပယ်အသီးသီး

မှ ထိပ်တန်းပုဂ္ဂိုလ်တို့သည် အပြောသမားတွေ မဟုတ်ကြ။ အလုပ် သမား၊ ဝီရိယသမားတို့သာ ဖြစ်ကြ

သည်။ ထို့ကြောင့် ထိပ်တန်းရောက်ချင်သူတို့သည် မိမိလက်ရှိဘဝ အနေအထားနှင့် တိုက်ရိုက်

သက်ဆိုင်နေသော အလုပ်ကိုသာ ကြိုးစားလုပ်ကြရမည်။

လူတစ်ဦး ကြီးပွားဖို့အတွက် ကံ၊ ဥာဏ်၊ ဝီရိယ သုံးပါးလုံး ကောင်းဖို့လိုအပ်၏ ဟုဆိုရာတွင်

ဝီရိယသာ အဓိကဖြစ်၏။ ကံနှင့် ဥာဏ်တို့သည် မည်မျှကောင်းစေကာမူ ဝီရိယ မစိုက်ထုတ်ပါက ထိုကံ

နှင့် ဥာဏ်တို့ အကျိုးပေးခွင့် မရနိုင်ပါ။ ပါရမီပြည့်နေသော ဘုရားအလောင်းတော်သည်ပင် ဘုရားဖြစ်ဖို့

တရားအားထုတ်ရပါသေး၏။ ကံကောင်းလျှင် ဘုရားဖြစ်မည်ဟု ဆိုရိုးမရှိ၊ ကြိုးစားလျှင် ဘုရားဖြစ်မည်

သာ ဆိုရိုးရှိပါသည်။

အောင်မြင်သော ဘဝတစ်ခုကို တည်ဆောက်ကြရာ၌ ရိုးသား၊ ကြိုးစား၊ စိတ်ကောင်း စေတနာ

ကောင်းထား၊ ဆင်ခြင်တုံအသိဥာဏ်တရား တိုးပွားစေပြီး အနစ်နာခံသင့်တာ အနစ်နာခံ၍ အလုပ်လုပ်

ကာ တည်ဆောက်ကြရမည်။

မေတ္တာစေတနာထားပါ

လူတိုင်းအပေါ် မေတ္တာ၊ စေတနာထားပါ။(ပေးပါ)။ သူတို့တတ်နိုင်သလောက် ယူပါလိမ့်မည်။

မိမိ မေတ္တာ၊ စေတနာသည် သူတစ်ပါး ရ၊ မရ မသေချာသော်လည်း မိမိအတွက် မိမိထားသလောက်

ပြန်ရမည်ကား သေချာပါသည်။ မိမိ သူ့အပေါ်ထားလိုက်သော မေတ္တာ၊ စေတနာသည် သူ့ဆီက တိုက်

ရိုက် မိမိထံ ပြန်လာမလာ မသေချာသော်လည်း တစ်ဦးဦးဆီမှ၊ တစ်နေရာရာမှ လမ်းကြောင်းရှာပြီး

ပြန်လာမည်မှာ သေချာပါသည်။

မိမိအတွက် လုံခြုံစိတ်အချရဆုံး၊ အားအကိုးရဆုံးအရာသည် မိမိ၏ မေတ္တာ စေတနာသာဖြစ်

သည်။ မိမိဘဝအတွက် ကောင်းကျိုးချမ်းသာတို့ကို တနင့်တပိုး သယ်ဆောင်လာမည့်အရာသည် မိမိ၏

မေတ္တာ၊ စေတနာသာဖြစ်သည်။ မေတ္တာလိုချင် မေတ္တာပေးပါ။ စေတနာလိုချင် စေတနာပေးပါ။ မပေးဘဲ

နှင့် ဘာမျှမရနိုင်ပါ။ တစ်ခုခု လိုချင်လျှင် မိမိက တစ်ခုခု အရင်ပေးရလိမ့်မည်။ မိမိထားရှိသော မေတ္တာ၊

စေတနာသည် မည်သို့သော အခြေအနေမှ ပုပ်သိုးသွားမည် မဟုတ်ပါ။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အပင်ပေါက်၊ အဖူးဖူး၊ အပွင့်ပွင့်၊ အသီးသီးလာမည်မှာ မုချဖြစ်သည်

။ ဒါ့ကြောင့် လူတိုင်းအပေါ် အချိန်တိုင်း စေတနာထားပါ။ စန္ဒကူးနံ့သာ အနှစ်သည် သူအပါအဝင် သူ့

ဝန်းကျင်တစ်ခွင်ကို သူ၏ ရနံ့ဖြင့် သင်းပျံ့မွှေးကြိုင်စေသကဲ့သို့ မိမိ မေတ္တာ၊စေတနာသည် မိမိ အပါ

အဝင် မိမိ၏ ဝန်းကျင်တစ်ခွင်ကို သာယာအေးချမ်းမှု ရရှိစေမည်မှာ ဧကန်ဖြစ်ပါသည်။

အရာရာ အဆင်ပြေစေဖို့

စီးပွားရေး၊ ဘာသာရေး စသည့် အရေးကိစ္စတိုင်း၌ လူမှုဆက်ဆံရေးပါဝင်၏။ လူမှုဆက်ဆံရေး

ကို မဏ္ဍိုင်ပြု၍ လုပ်ငန်းဆောင်တာ ယန္တရားများ လည်ပတ်နေရ၏။ လူမှုဆက်ဆံရေး မှန်သမျှသည်

မျက်စိ၊ နား၊ ပါးစပ်တို့ကို အသုံးပြု၍ လုပ်ဆောင်ကြရ၏။ ထိုအထဲတွင် ပါးစပ်သည် အဓိကကျ၏။ ပါးစပ်

မှထွက်လာသော စကားလုံးကို အတည်ပြုလက်ခံ၍ လုပ်ဆောင်ကြရ၏။ ချစ်စေလို ခံတွင်းလက်လေး

သစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ် ဖြစ်၏။ လူမှုဆက်ဆံရေး ပြေလည်ဖို့အတွက် မုန်းစေလို့မဖြစ်၊ ချစ်စေဖို့သာလို၏။

အများ၏ ချစ်ခင်နှစ်သက်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် နေရာတိုင်း၊ ကိစ္စတိုင်း၌ မမှန်ကန်သော

စကားကို ရှောင်ကြ၍ မှန်ကန်သောစကားကိုသာ တည်တည်တံ့တံ့ပြောပါ။ တစ်ဦးနှင့်တစ်ဦး အမုန်းပွား

မည့်စကား၊ သွေးကွဲမည့်စကား၊ မေတ္တာအစေးပြယ်မည့် စကားမျိုးကို ရှောင်ကြဉ်၍ တစ်ဦးနှင့် တစ်ဦး

ချစ်ခင်နှစ်သက် သွေးစည်း ညီညွတ်မည့်စကားမျိုးကိုပြောပါ။ မိုက်မဲရိုင်းစိုင်း၊ မာကျောခက်ထန်၊မောက်

မာစီးပိုး၊ ရင့်သီးကြမ်းတမ်း၊ ကဲ့ရဲ့ရှုတ်ချ၊ နှိမ့်ချပြစ်တင်၊ လေသံမာသော စကားမျိုးကို ရှောင်ကြဉ်၍

ယဉ်ကျေးလိမ္မာ၊ ညင်သာညက်ညော၊ နူးညံ့သိမ်မွေ့၊ ပြေပြစ်ချောမော၊ နားဝင်ချိုသော ပိယဝါစာ စကား

မျိုးကိုပြောပါ။ သူ့ကျိုး၊ ကိုယ့်ကျိုး အများအကျိုးမရှိသော စကားမျိုးကို ရှောင်ကြဉ်၍ သူ့ကျိုး၊ ကိုယ့်ကျိုး

အများအကျိုးရှိမည့် စကားမျိုးကိုပြောပါ။ အရာရာ အဆင်ပြေပါလိမ့်မည်။

ကောင်းကွက်ကိုရှာ မေတ္တာ

ကောင်းပါသည် ဆိုသူသည် အပြည့်မကောင်းနိုင်သလို၊ ဆိုးပါသည်ဆိုသူသည်လည်း

တစ်ကွက်ကောင်းတော့ ရှိတတ်ပါသည်။ မေတ္တာဟူသည် သူတစ်ပါး၏ကောင်းကွက်ကိုရှာဖွေကျေနပ်၍

၊ညံ့ကွက်ဆိုးကွက်ကို ခွင့်လွှတ်ရခြင်းပင်ဖြစ်သည်။ အရာရာတိုင်း၌ အကောင်းအဆိုးဒွန်တွဲနေ၏။

သာမန်လူများကို မဆိုထားဘိ၊ ထင်ရှားကျော်ကြားသော ခေါင်းဆောင်တိုင်းလိုလိုပင် အားနည်းချက်၊

ပျော့ကွက် ဟာကွက်ကတော့ ရှိတတ်ကြသည်သာ။ ပျော့ကွက် ဟာကွက်မရှိပါဆိုသူသည် ဟိုမရောက်

သည်မရောက်သူသာဖြစ်ရမည်။

လူတစ်ဦး၏ မကောင်းတာတွေ လိုက်ပြောနေလို့ ဘာမျှ အကျိုးအမြတ် မရှိနိုင်ပါ။ ထိုလူနှင့်

သင့်မြတ်လာမည် မဟုတ်ပါ။ အလုပ်လည်းမဖြစ်နိုင်ပါ။ မကောင်းတာတွေ မမြင်ပါနှင့်။ မပြောပါနှင့်။

ခွင့်လွှတ်ထားလိုက်ပါ။ တတ်နိုင်လျှင်ပြုပြင်ပေးပါ။ သုသာန် တစသင်္ချိုင်းဝနှင့် လမ်းဆုံလမ်းမ လမ်းလေး

ခွတို့၌ ပံ့သကူသင်္ကန်းကောက်သော ရဟန်းတော်သည် မကောင်းသောအဝတ်ပိုင်းလေးတွေကို ဆုတ်

ဖြဲခွာပစ်ပြီး၊ ကောင်းသောအဝတ်ပိုင်းကိုသာ ကောက်ယူစပ်ချုပ်၊ ဆေးဆိုးဝတ်ရုံ သုံးစွဲပုံကို ပမာထားပြီး

ပေါင်းသင်းဆက်ဆံအလုပ်လုပ်ပါ။ ကောင်းကွက်လေးတွေရှာပြောပါ။ ကောင်းကွက်လေးတွေရှာ

ကျေနပ်ပါ။ အရာရာအောင်မြင်ပါလိမ့်မည်။ သူတော်ကောင်းမည်သည် သူတစ်ပါး၏မကောင်းကြောင်း

နှင့် မိမိ၏ကောင်းကြောင်းကို သူတစ်ဦးက မေးမြန်းသော်လည်းမပြောကြပါ။ သူတစ်ပါး၏ မကောင်း

ကွက်ကိုမြင်မိ၊ ပြောမိသောအချိန်၌ နှလုံးအိမ်တွင် ဒေါမနဿပွားရပါ၏။ ကောင်းကွက်ကို မြင်မိ၊ပြောမိ

သောအချိန်၌ နှလုံးအိမ်တွင် ပီတိသောမနဿ ပွားရပါ၏။ ဒေါမနဿသည် အကုသိုလ်တရားဖြစ်သည့်

အတွက် အပြစ်သင့်၍ ဒုက္ခပေးမှာ ဧကန်ဖြစ်ပါသည်။ ဒေါမနဿပွားရသည့်အတွက် အပြစ်လည်းသင့်

၊ ဒုက္ခလည်းဖြစ်၊ အရှုံးသာ အဖတ်တင်ပါသည်။ ဘာတစ်ခုမှအကျိုးအမြတ်ထွက်မလာပါ။ ထို့ကြောင့်

မိမိနှလုံးအိမ်တွင် ဒေါမနဿမဖြစ်စေဖို့ သူတစ်ဦး၏ မကောင်းကွက်တွေကို ရွေးချယ်မမြင်ပါနှင့်။ မိမိ

နှလုံးအိမ်တွင် ပီတိသောမနဿဖြစ်စေဖို့ သူတစ်ဦး၏ကောင်းကွက်လေးတွေကို ရှာဖွေရွေးချယ်မြင်ပါ။

ကျေနပ်ပါ။ နှလုံးအိမ်၌ မေတ္တာသက်ဝင်နေသောအချိန်သည် ဘဝအေးချမ်းလှပါ၏။

ထို့ကြောင့် ရွှေသုဝဏ်ပြောထားတာရှိပါသည်။ ဘယ်အရပ်မှာနေနေ၊ ဘယ်အရပ်ကိုသွားသွား

စိတ်ကောင်းရှိဖို့ သတိထားရမည်။ ကိုယ်ကျင့်တရား ထိန်းသိမ်းလို့ထားပြီး ကျန်းမာသန့်ရှင်းအောင်နေရ

မည်။ ဝတ်စားတတ်ကာ နေထိုင်တတ်၊ သွားလာတတ်ဖို့ ပြောဆိုတာလည်း အရေးကြီးပါသည်။ ချမှတ်

ထားတဲ့ စည်းကမ်း ရိုသေ ပညာတတ်ဖို့ ကြိုးစားကြရမည်။ နေဆဲရပ်၌ လွန်ပျော်ပိုက်ပြီး သူ့ထံနေခိုက်

သူ့ကြိုက်လိုက်ရမည်ဖြစ်သည်။

ဒါကြောင့် စင်စစ်ကား အနာမခံလျှင် အသာမစံရ၊ အနာခံမှ အသာစံရမည်ဟု တင်ပြလိုက်ပါ

သည်။

ဆန်းပြည့်နိုင်

အပ္ပမာဒ မဂ္ဂဇင်း၊အတွဲ(၈)၊ အမှတ်(၃) မှ

မှတ်ချက်---ထိုင်ဝမ် မှ ဓမ္မမိတ်ဆွေ ကိုနိုင်လင်းဦး ပေးပို့သောဓမ္မဒါန အလှူ ဖြစ်ပါတယ်..။ဤကောင်းမှု နှင့်စပ်သမျှ အားလုံး ကျန်းမာချမ်းသာကြပါစေ။ အေးမြငြိမ်းချမ်းသော မင်္ဂလာ နှစ်သစ်ဖြစ်ကြပါစေရန် မေတ္တာပို့သအပ်ပါသည်။



0 မှတ်ချက်ရေးရန်: