Tuesday, April 26, 2011

မေတ္တာ ကာယကံ

အတူတကွ မှီတည်နေထိုင်ရတဲ့မိသားစု ဘဝတွေ..၊ ချစ်ခင်ကျွမ်းဝင် ရသော ဆွေမျိုး အသိုင်းအဝိုင်းတွေ၊ အားထားမှီခိုရတဲ့ လယ်ကွင်းများ ဟာ ရက်စက်ပြင်းထန်တဲ့ ရေပြင်ကျယ် အောက်မှာ ရုတ်တရက်ဆိုသလို ဆုံးပါးပျောက်ရှ ခဲ့ရပါကောလား။

ဆွဲနုတ် ယူငင် သွားရက် သည် မှာ ခိုလှုံစရာနေအိမ်တောင်မှ မချန်ခဲ့ပါလေသော မုန်တိုင်း ရယ်..။ ရက်စက်ပြင်း ထန် ပါပေ့။လေပြင်း နဲ့အတူ မြင့်မားတဲ့လှိုင်းလုံးတွေက သိမ်းကျုံး ထိုးနှက် ဘဝ တွေလည်းပျက် စေခဲ့ပါပြီ..။

ဒါဟာအိပ်မက် တစ်ခု သာဖြစ်ပါရစေတော့နော်…….။

မြင်နေကျ မျက်နှာတွေ..တွေ့ နေကျ အပြုံးတွေ၊ကြားနေကျ စကားသံတွေ ဘယ်ကိုများသွား ရောက်ကာ ဘယ်ကမ္ဘာမှာများ သွားရောက် ရှာဖွေဖမ်းဆုပ် ရပါတော့မလဲ။

ဘယ်သို့သော နည်းလမ်းများ နဲ့ မေ့ပျောက်လို့ရ နိုင်မှာလဲ။

ဘယ်လို အသဲနှလုံးမျိုး နဲ့ လက်ခံယုံကြည်ရမှာလဲ။

နာကျင်တုန်လှုပ်မှု နဲ့ ချောက်ခြား အားငယ် မှု တွေအာက်မှာ အနာဂတ်ဘဝ ဟာ ပျောက်ဆုံးသွားခဲ့လေပြီလား။


လယ်ကွင်းထဲကို ပြန်သွားရဲ တဲ့သတ္တိ မရှိရုံသာမက လက်ရှိအခြေအနေကို အမှန်အတိုင်းလက်ခံ နိုင်တဲ့စွမ်းရည် ဆိုတာပါ ကြေမွပျက်စီးခဲ့ရပါတယ်..။ ရေဖုံးလွှမ်း နေတဲ့ လယ်ကွင်းပြင်များ အောက်မှာ ရက်စက်ကြမ်းကြုတ်မှု တွေ ရှိနေ သယောင်။ချစ်ခင်မြတ်နိုးရသူတို့ကို စတေး ပေးဆက်ခဲ့ ရလေသယောင် ချောက်အိပ်မက်တွေဟာ ရင်ထဲက သံချွန်တစ်ခုစူးဝင်ခဲ့ သလို စူးနစ်နာကျင် နေခဲ့တာပါ။


ဤကဲ့သို့သော ဘဝ..ဘဝ များစွာကို ခံစားချက် ထပ်တူပြုလို့ များစွာ နားလည် ရပါတယ်..။အားပေးဖေးမ ပီး မိမိ ကိုယ်ကို ယုံကြည် မှုတွေ ပြန်လည် ပျိုးထောင်ပေးရတဲ့အလုပ် ဟာ ပထမဦးဆုံးနဲ့ အခက်ခဲဆုံး ဖြစ်ခဲ့ရပါတယ်။

ထိုအချိန်မှာ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော်ဘုရားဟာ တတ်စွမ်းသမျှ မေတ္တာ ဖြန့်ကျက်၊ သက်သာစေ ခဲ့ပါတယ်။ ရွာပေါင်းများစွာ ထဲမှ နိုင်နင်းစွာ ဆောင်ရွက်ပေးနိုင်မဲ့ ရွာကလေးတစ်ရွာ ကိုသာရွေးချယ် ခဲ့တာမို့ ကွမ်းခြံကုန်း မြို့နယ် ၊ တောကျောင်းရွာ ကလေး ဟာ အဆိုးထဲက အကောင်း၊ ဆိုသလို ဆရာတော်ဘုရားရဲ့ မေတ္တာ ရေစင် ကို ဝလင်စွာ သောက်သုံး ခွင့်ရရှိနေခဲ့ တာ ယနေ့တိုင်အောင်ပါပဲ။

ရှေ့ဘာ ဆက်လုပ် ရမယ်ဆို တဲ့ ဉာဏ်အလင်း တွေကို (ထလိုသူ၊ ထူပေးမည်) ဆိုတဲ့ စီမံချက်နဲ့ ကျေးဇူး တော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး ရဲ့ လမ်းညွန်မှုနဲ ကူညီဆောင်ရွက် ခဲ့ကြပါတယ်။

လပွတ္တာ သွားရင်ကောင်းမလား၊ ဖျာပုံ၊ဒေးဒရဲ စသည်တို့ ထံ အာရုံ ဖြန့်ကျက် နေမိတာ မို့ ဆရာတော်ထံ လျှောက်မိပါတယ်..။ ဆရာတော်က *သမီး ကိုယ့်စွမ်းရည် နဲ့နိုင်သလောက် ကို ဖိဖိစီးစီး သပ်သပ်ယပ်ယပ် ခရီးတစ်ခု ရောက်သည်ထိ တာဝန်ယူ ရတယ်..ပွဲပြီးမီးသေ ကရုဏာမျိုး မဖြစ်စေရကြောင်း သင်ကြားပေးခဲ့ပါတယ်..။*


လှူမယ်၊ တန်းမယ်၊ ပေးမယ် ကမ်းမယ် ရယ်လို့ တက်ကြွနေတဲ့ တပည့်များ ကိုလည်း သြဝါဒပေးခဲ့ပါတယ်.. ငါကလှူရတာ ပေးကမ်းရတာဆိုတဲ့ မသိမသာ အပေါ်စီးဆန်တဲ့ စိတ်ထား လေးနဲ့ အတူ မာန ခပ်ပါးပါးလေး ပါနေနိုင်တာကို ကြိုတင် သိမြင်ပြီး ခွာချ ခိုင်းခဲ့ပါတယ်။

ကျေးဇူးရှင် တောင်သူလယ်သမား တွေရဲ့ကျေးဇူး ကို မြင်အောင်ကြည့်ပြီး သူတို့ ဒုက္ခရောက်ချိန်မှာ ကျေးဇူး ပြန်ဆပ်မယ် ဆိုတဲ့စိတ် ပြောင်းပေးလိုက်တာမို့ တက်ကြွနေတဲ့ နှလုံးသားဟာ နူးညံ့မှုနဲ့အတူ တည်ကြည် လေးနက်သွားခဲ့ရ ပါတယ်။အဲဒီ နှလုံးသားနဲ့ ပဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ရှင်သန်စေခဲ့တာ ၂နှစ်တာကာလ ကို ဖြတ်ကျော်ခဲ့ပါပြီ။

ကျွန်မ ဒီအကြောင်းကို အစက မသိပါဘူး။ ဆရာတော်ခိုင်းတာက *မောဟ နဲ့ ပညာ*သာဖြစ်သည် မို့ တစ်ခုတည်းသော အာရုံ သာရှိပြီး မန္တလေးအိမ် မှာ တရားနာ စာရိုက်ရင်း ဖခင်ကြီး နဲ့ အတူနေခဲ့ပါတယ်..။ သမီးငယ်က မန္တလေး အ.ထ.က (၁၆) ကျောင်းမှာ ၁၀တန်း တက်နေပါတယ်။ သားသားကတော့ ကြုံရာအဖွဲ့နဲ့ ပရဟိတ လုပ်နေခဲ့ပါတယ်..။ အိမ်ပြင်လည်း မထွက်။ မနက်၆နာရီ သားအဖ နှစ်ယောက် ဝိဇိတာရုံ သံဃာတန်း ဆွမ်းထွက် လောင်းကြကာ ဖခင်ကြီးဝေယျာဝစ္စ လုပ်ပြီးတာနဲ့ စာရိုက်တော့ တာပါ။ ကျေးဇူးရှင်ဖခင်ကြီး ကို အချိန်ပြည့်နီးပါး ခြေဆုပ်လက်နယ် ပြုစုခွင့် ၄၅ ရက်တာ ရရှိခဲ့ ပါတယ်…။

၄၅ရက်အပြီး မှာ အသက် ၈၈ နှစ် ရှိတဲ့ဖခင်ကြီး ဟာ ဖျားရာကစပြီး ၂ရက်အတွင်း မှာ ကျွန်မ ဖေးမ ကိုင်ဆုပ်ထား ဆဲ မှာပဲ မရဏ သဘော ကိုရွေ့လျော ခဲ့ပါ တယ်။ နောက်ဆုံး ထွက်သက် ရောက်လာတော့မယ် လို့ကြိုတင်ရိပ်မိ သိရှိ လိုက်တဲ့ ၃မိနစ် လောက်အတွင်း မှာ ဘဝတစ်ခုကူးဘို့ အမှန်တကယ် လိုအပ်တာကို တည်တည် ညိမ်ညိမ် လုပ်ကိုင် ပေး လိုက်နိုင်တာ ဟာ ၄၅ရက် တာ ထုံထားတဲ့ (အာသေဝနဖြစ်နေတဲ့) တရား သတ္တိကြောင့်ဆိုတာ နောင်မှ ရိပ်မိခဲ့ပါတယ်..။

ကျွန်မရဲ့ မြန်မာ ပြန်ခရီးဟာ ကိစ္စ တစ်ခုတည်းကိုသာ ရည် ရွယ်ခဲ့ပေမဲ့ ဘဝမှာ အရေး အကြီး ဆုံး အကြောင်း အရာတွေကို လာရောက် လုပ် ကိုင်ဘို့ အခွင့်အလန်း တစ်ခုဖြစ်တယ်ဆိုတာ သိရှိကျေနပ် ရပါတော့တယ်..။ ဒီ ၄၅ ရက်ဟာ ဘာနဲ့မှ မလဲနိုင် အောင် ဘဝရဲ့ အဘိုးတန် ရွှေရက်များ ဖြစ်ခဲ့ရပါတယ်..။

၂၀၀၉-၂၀၁၀ တစ်ဖန် မြန်မာပြည် သို့ ပြန်လည် ရောက်ရှိ တဲ့ အချိန်မှာ မြန်မာနိုင်ငံရှိ NGO ဝန်ထမ်းတွေကမှ တဆင့် နာမည် ကြီး နေတဲ့ ကွမ်းခြံကုန်းမြို့နယ်က တောကျောင်းရွာလေး အကြောင်း ကို သိရှိခဲ့ရ ပါတယ်..။ နာဂစ်လွန်နေ့ရက် များ မှာ တိုးတက်မှု အမြင့်မား ဆုံး နဲ့ စနစ်အကျဆုံး ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ကိုလည်း သတင်းမီဒီယာများ၊ စိုက်ပျိုးရေးပညာရှင် များ အသိုင်း အဝိုင်းမှ ကြားရပါတယ်..။

ကျွန်မ တရားစခန်းဝင်ရောက် ချိန်မှာ ဦးနေရီ တို့ထံ မေးမြန်းပြီး အသိနှစ်ခု ကို ဆက်စပ်ယူရပါတော့တယ်..။ အော် တစ်ချိန်က လက်တွန်း လယ်ထွန်စက် လေး က တောကျောင်းရွာလေးမှာ တာဝန်ကျေခဲ့ပေ သကိုး။


အစားအစာ၊ အဝတ်အထည်၊ နေအိမ် စတာတွေကို လှူပြီး ပြန်မသွား ပဲ အတူတကွနေထိုင်ပြီး ရေရှည် ပြန်လည် ထူထောင်ရေးတွေကို ဘက်စုံ၊ ထောင့်စုံက စဉ်းစား ပြီးဖြည့်ဆည်း ဆောင်ရွက်စေခဲ့ ဟာ ဆရာတော်ဘုရား ရဲ့ အကြံဉာဏ်ပါ။ တဲ ဆောက်ရမဲ့နေရာက အစ ဆရာတော်ထံလျှောက်ထားပြီးမှ ဆောက်ရပါတယ်..။

ရေရှည် နေထိုင် ဆောင်ရွက်ပေး မဲ့ ဦးနေရီ၊ဦးမိုးကျော် ဦးဆောင်တဲ့ တပည့်များ ကိုလည်း စိတ်ထားက အစပြင်ပေး လိုက် ပါတယ်။

*မနောကံမေတ္တာဆိုတာ ကတော့ ကျွန်မတို့ လူတော်တော် များများ လုပ်တတ်ကြပါတယ်။ သူပြုဘူးတဲ့ ကျေးဇူးတရားကို ပုံဖေါ်လိုက်ချိန်မှာ ပြုံးရွှင်နေတဲ့ မျက်နှာလေးကို မြင်ယောင်ပြီး နှလုံးအိမ်က စိမ့်ထွက်လာတဲ့ မေတ္တာတရား တွေ ဟာ လျှပ်စစ်သံလိုက် လှိုင်း တွေလို စီးဆင်း ပျံ့လွင့်ပြီး အစွမ်းထက်လှစွ ရိုက်ခတ် လုံခြုံစေတော့ တာပါ။

*ဝစီကံမေတ္တာ ဆို တာကတော့ သူတပါးရဲ့ ဂုဏ်ကျက်သရေ ကို မြှင့်တင် တဲ့စကား၊ ကျေးဇူးဖေါ်ထုတ်တဲ့စကား ၊ကောင်းတဲ့ အကြောင်း တွေ ကိုသာ လှိုက်လှိုက်လှဲလှဲ ပြော ဆိုပေးရပါတယ်..။ အပြစ်တင်လိုစိတ် တွေ လုံးဝမပါရပါဘူး။ အပြစ်တင်တယ် ဆိုတာ မာန ပေါ်လာလို့ပါ..။မာနပေါ်တယ်ဆိုတာကတော့ တစ်ချိန်က ကျေးဇူးကို မမြင်တော့လို့ပါ..။ မမြင်တော့ တာကို တော့ ကန်းတယ် လို့ စကားလုံးဖလှယ်လိုက်ရင် ကျေးဇူးကန်းသူ တွေဖြစ်သွား ရတော့တာပါပဲ။

တစ်ခါက ဘုန်းဘုန်း တစ်ပါးဟော တာ ကျွန်မ သွားအမှတ်ရပါသေးတယ်..။ *သူများ အတင်းတော့မပြောနဲ့ နော်..။ အဲဒါကြက်သတ်တာ ထက်ဆိုး တယ်တဲ့။* ဘယ်လိုပါလိမ့် ဘုရား။ *အော်..ဒကာမကြီးရယ်… ကြက်သတ်တာကမှ သတ်ပြီးရင် ကြက်သားစားရသေးတယ်၊ အတင်းပြောတာကတော့ ကြက်သားမစား ရပဲ ခံရမဲ့ အကုသိုလ် အကျိုးက အတူတူ ဖြစ်နေတာ * တဲ့..။အင်း…မှတ်သားလောက် ပါပေတယ်ဘုရား..။

အဲလို ဝစီကံ မေတ္တာကို ဆောင်ရွက်လို့ ကိုယ် ရည်ရွယ်သူ မေတ္တာ ပို့တဲ့လူ က တစ်နေရာရာ က ပြန်ကြားလို့ ကတော့ ဘယ်လိုမှ ခွဲခြား လို့မရ တဲ့ စည်းလုံးမှု နဲ့ အတူ မေတ္တာ ရဲ့ နှောင်တဲမှုကို တန်ပြန်ရရှိစေတာ့ တာ အမှန်ပါပဲ..။ ကျွန်မကတော့ ခဏခဏ စမ်းသပ်ကြည့်ပါတယ်..။ အတင်းတော့မပြောရဲတော့ပါ..။

*မေတ္တာ ကာယကံ ဆိုတာကတော့ ပထမ ပိုစ့်များ တွင်ရေးသားဖေါ် ပြခဲ့ တဲ့ အတိုင်း သူ့ပြဿနာ….သည်ကိုယ့်ပြဿ နာ သူ့နောင်ရေးသည် …ကိုယ့်နောင်ရေး ၊ သူ့ဘဝသည်… ကိုယ့်ဘဝ ၊သူ့ခံစားချက် သည် …ကိုယ့်ခံစားချက် အဖြစ် နေရာယူကာ လှိုက်လှဲ ထက်သန်စွာအကူအညီပေး ရပါတော့တယ်..။ ကိုယ့်အတွက်ဆိုတာ မေ့ ပျောက်သွားပါတယ်..။*သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ* စာအုပ်ထဲ က ဆာလောင်နေတဲ့ သားသည်မိခင် ခွေးပိန်မလေးကို ၃ကြိမ်တိုင်အံကြွေး ခဲ့ တဲ့ စူဠနာဂ မထေရ် ကြီး ရဲ့ စေတနာ အကြောင်း ကတော့ ဆရာတော်ဘုရား ရဲ့ မကြာခဏ ဆုံးမတော်မူတဲ့ တရားဖြစ်ပါတယ်..။

မျိုးစပါးကအစ ဝယ်ယူပေးတာ၊ စိုက်ပျိုးနည်း စနစ်သစ်တွေ သင်ကြားပေးတာ၊ စပါးစိုက် ရာသီအတွင်း ဝမ်းစာ တွေ ဖြည့်ဆည်း ဝေငှပေးတာ၊ လယ်ထွန် ဘို့ သေဆုံးသွားတဲ့နွား တွေနေရာမှာ လယ်ထွန်စက် တွေအစားထိုး ပေးခဲ့တာ၊ ကျောင်းသားများကို မီးစက်မောင်းပြီး စာကြည့်စေခဲ့တာ၊ စာသင်ပေးခဲ့တာ တွေ ကို ဆက်လက်ဖေါ်ပြပါအုံးမည်။

ပါရမီမေတ္တာဖြင့်

သစ္စာအလင်း

0 မှတ်ချက်ရေးရန်: