Wednesday, April 13, 2011

ချန်ထားရစ်တဲ့ နှစ်တစ်နှစ်


ဒီနေ့သင်္ကြန် အကြိုနေ့ ညနေ လမ်းလျှောက်ထွက် ချိန်မှာတော့ ကျွန်မ တို့ အာဂျန် ကွန်ဒို ရှေ့က ကား Parking မှာ ကားနှစ်စီးသာ ရှိပါတော့တယ် ။ တစ်ဆောင်လုံးခြောက်ကပ် တိတ် ဆိတ် နေတာ မို့ အခုမှ လူမရှိမှန်း သတိထားမိ ပါတယ်..။ လူရှင်းနေတာမို့ ထိုင်းသူငယ်ချင်း ဆရာမ တစ်ဦး လက်ဆောင်ပေးထားတဲ့ စက်ဘီး အစိမ်း ရောင်လေး ကို အသာအယာ စွဲယူ စီးထွက်ခဲ့ပါတယ်..။ တက္ကသိုလ် ကျောင်းဝင်း ဘက်မှာတော့ Security Guard တွေသာတွေ့ ရလို့ သာလို့ပင် တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပါတယ်..။ ဥပုသ်လည်းယူထား တရားတော် တွေလည်း နာယူထားတာ မို့ လွမ်းလွမ်းဆွေးဆွေး မဖြစ်သွားတာ ကိုတော့ သေချာ သတိထားမိခဲ့ပါတယ်..။

ငါ ဒီနေရာ၊ ဒီအချိန်မှာမှာ ဒီလို ရှိနေရ တဲ့ကိစ္စ ကြီး ကဖြစ်သင့်လား၊ သေချာလား ဆိုတာ ကိုတော့ ပြန်တွေးဘို့ အတွေး လမ်းစ တစ်ခု ရရှိခဲ့ပါတယ်..။

ပြီး ခဲ့ တဲ့ ဒီဇင်ဘာလ တုံးက အမေရိကမှ အနှစ် ၂၀ကြာ နေထိုင်တဲ့ ကျွန်မ အချစ်ဆုံး ငယ်သူ ငယ်ချင်း ပြန်ရောက်နေတာမို့ သူ တည်းခို တဲ့ ဟိုတယ် မှာညအိပ်ရင်း မိုးလင်းလုသည်ထိ စကားတွေပြော ဖြစ်ခဲ့ကြ ပါတယ်..။

သူက Taxes A & M University က ကျောင်း ပြီးထားပြီး ကျွန်မ ထက် နိုင်ငံတကာအတွေ့ အကြုံ ရင့်ကျက် တာမို့ သူက ကျွန်မကို ဆူသလို ဝေဖန်ပါတယ်..။ ငယ်ငယ် ကတည်း က အလွန် ချစ်ကြသူတွေမို့ သူ့ စေတ နာကို ကျွန်မက အပြည့်အဝ နားလည်ပါတယ်..။Ph.D ဘွဲ့ ရထား တဲ့သူတစ်ယောက်ဆိုတာ က တက္ကသိုလ် တစ်ခုခု မှာနေ သင့် တယ်တဲ့လေ..။ Research သုတေသနတွေလုပ်နေရမယ်..။ Paper ကို Impact %မြင့်တဲ့ Journal တွေ မှာ Publication ရအောင် လုပ်ရမယ် Seminarတွေ Conference တွေ တက်ရမယ် အဲဒီမှာ စာတမ်းတွေ ဖတ်ရမယ်..။ မဟုတ်ရင်တော့ Ph.D ဘွဲ့ရ တစ်ယောက် ရဲ့ ဘဝ ဟာ သေဆုံး တာပဲတဲ့..။ နင်ဒီလို မနေပါနဲ့ တဲ့။တက္ကသိုလ် တစ်ခုခု မှာပြန်နေပါတဲ့။

မြန်မာ မှာ တောင်သူတွေ ၊ ကလေးတွေကို ပညာ သင်ပေး နေတဲ့ ဘဝ တစ်ခုဟာ …သေဆုံးနေ တာပဲတဲ့..။ ဒါဟာ တကယ် မှန်ပါသလား။ တစ်ဘက်ကတွေးတော့လည်း ဟုတ်သလိုလို တော့ရှိသား။ တက္ကသိုလ်တက်နေတဲ့ သမီး တစ်ယောက် နဲ့ ပရဟိတ လုပ်နေတဲ့ သား တစ်ယောက်ရှိသော ကျွန်မ အတွက် ရွှေထွက် တဲ့ နှစ်တွေ ဖြစ်ခဲ့ပါတယ်..။ ကြာရင်တော့ ပရုပ်လုံးဘဝနဲ့ တကယ်လည်းသေဆုံး သွားနိုင်ပါ တယ်တဲ့..။

အဲဒါ နဲ့ ကျွန်မ လည်း စဉ်းစားရင်း ၊ တွေးရင်း၊ ငေးရင်း၊ ထိုင်း နိုင်ငံအစိုးရ ရဲ့ တက္ကသိုလ် တစ်ခုဖြစ်တဲ့ Mahasarakham University ကို Visiting Professor အနေနဲ့ ဖေဖေါ်ဝါရီလ မှာ ရောက်ခဲ့ပါတော့တယ်..။ လစာက လည်း မဆိုးပါဘူး။ အနည်းငယ်သာ ရှိသော ပါရဂူတန်း ဘွဲ့လွန် ကျောင်းသား တွေ ကို စာသင်ပေးရတာ။ Presentation တွေနားထောင်ပေးရတာ။ စာမေးပွဲစစ်ပေးရ တာ။သူတို့ ရေး တဲ့ စာတမ်း တွေကို ပြင်ဆင်တည်းဖြတ် ပေးရတာ.။သူတို့ ရဲ့ သုတေသန တွေ အတွက် Project ရအောင် Proposal ရေးရတာ တွေ ပဲ လုပ်ရတာပါ။ မပင်မပန်း သက်သက်သာသာပါပဲ..။

အင်တာနက် ကို ၂၄ နာရီဖက်တွယ်လိုက် …. ပန်းတွေဝေဆာ ပြီး သီချင်းသံလေး တွေ အမြဲ ထွက်ပေါ်လာ နေတဲ့ တက္ကသိုလ် အဆောက်အဦကို သွား၊ လေအေးစက် တပ်ဆင် ထားတဲ့ ရုံးခန်းမှာနေ ၊ အာဂျန် အာဂျန် ခ -ခ -တစ် ခ - ခ နဲ့ လက်အုပ်လေးတွေချီ အရိုအသေ ပြုကြတဲ့ ကျောင်းသူ ကျောင်းသား လေးတွေကြားမှာ ကျွန်မ ပျော်သလို လိုတော့ ဖြစ်မိသား။ ဆရာတော် ဦးဇောတိကပြောဘူးတဲ့ ကိုယ့်ရဲ့ အကောင်းဆုံအရည် အသွေး ကို အမြင့်မားဆုံး ဖေါ်ထုတ်နိုင်မှသာအပျော် ဆုံး လူဆိုတော့ အပျော်ဆုံး မဟုတ်သေးတာ တော့ သေချာပါတယ်..။

ဒီနေ့တော့ ငါတကယ် ပျော်သလား ဆိုတဲ့မေးခွန်း ကို ကိုယ့်ကိုကို ပြန်မေးမိပါတယ်..။

ပျော် တယ်ဆိုတဲ့ စကားလုံး နဲ့ သင်္ကြန်ဆိုတာ ငယ်ငယ် ကတည်း က တွဲလျက် မရှိ ခဲ့ဘူးပါ..။ ၇-၈နှစ်သမီး လောက်ကတည်း က စာအုပ်တစ်အုပ်နဲ့ ချောင်ကုပ် နေတတ်တာ မို့ မည်သူကမှ ရေကစားဘို့ ရေပက်ခံ ထွက်ဘို့ လည်း မဖိတ်ခေါ် ခံခဲ့ရဘူးပါ..။ အမေ နဲ့ တူ မိုးညှင်းဝိပဿနာ ကျောင်း ကိုလိုက် ရတဲ့ နှစ်တွေသာ များခဲ့ရပါတယ်..။

အခန်းပြန်ရောက်တော့ ငါ့ အတိတ် မှာ ငါ ဘယ်တုံးက ပျော်ခဲ့သလဲ စိုက်ပျိုးရေး တက္ကသိုလ် မှာ အဆောင်သူ အဖြစ်နေရချိန်တွေ နဲ့ သားသမီးလေးတွေ နဲ့ နေရချိန်တွေမှာ နည်းနည်းတော့ ပျော်ခဲ့ဘူးပါတယ်။ သို့ သော်လည်း တကယ် တမ်း( Happiness + Satisfaction ပျော်ရွှင်မှုနဲ့ အတူ စိတ်တိုင်းကျ ကျေနပ်မှုရ ခြင်း) ဆိုတဲ့ ခံစားချက်ကတော့ ကျွန်မ ဆရာမ အဖြစ် ဖြတ်သန်း ခဲ့ဘူးတဲ့ စာသင်ခန်းများ ကပဲရခဲ့တယ်ဆို တာ ပြန်ရှာတွေ့ပါတယ်..။

ကျွန်မ ဟာမြန်မာနိုင်ငံ တော နယ် ဘက် က ပုသိမ်ကြီး ၊သာယာဝတီ စိုက်ပျိုးရေးသိပ္ပံ ကျောင်း တွေမှာ ၁၀ နှစ်ကျော် စာသင်ခဲ့ ရတဲ့ဘဝ ဟာ အအေးချမ်းဆုံး နဲ့အပျော်ရွှင် ဆုံး ဖြစ်ခဲ့ တာ ပြန်သတိရမိပါတယ်..။နောက် ရန်ကုန် နည်းပညာတက္ကသိုလ် တို့မှာ စုစုပေါင်း ၁၈နှစ်တာကြာအောင် သည် ပညာရေး နယ်ပယ်မှာကြိုးစား ရပ်တည်ခဲ့ဘူးပါတယ်..။

ဘဝ ဆိုတာ Partially Control ပဲရမယ်..။Totally Control မရနိုင်ဘူး(အနည်းငယ်သာ ပြုပြင်ထိန်းကျောင်း လို့ရမယ် ၁၀၀%တော့ မပြုပြင်မစီမံ နိုင်ဘူး) လို့ ဆရာတော် ဦးဇောတိက ပြောခဲ့ဘူးတာ အမှန်ပါပဲ..။ ဘဝရဲ့ အချိုးအဆစ် အကွေ့တစ်ခု မှာ ကိုယ့်ကြောင့် လူ့လောကထဲ ရောက်လာသူ နှစ်ဦး ကို ရှေ့ ဆောင်၊ ပျိုးထောင်မွေးမြူ ရန် အကြောင်းဆိုက်လာခဲ့ပါတယ်။

အသက်မွေးဝမ်း ကြောင်းပညာ ဆိုလို့ ကျွန်မ မှာ Teaching ဆိုသော သင်ကြားမှု အတတ်ပညာ တစ်ခုသာရှိတာ တွေ့ရ ပါတယ်..။ နောက် Learning လုပ်ပြီး Scholarship များ ရှိတယ်ဆိုတာ သိခဲ့တော့ ကျွန်မလည်း အဲဒီလမ်းကြောင်းကို ထပ်မံ ရွေးချယ်ခဲ့ရပါတယ်..။

ဘဝရဲ့ ရိုးစင်း ပျော်ရွှင် မှုကို သတ်ပစ်လိုက်သူက လည်းကြံရာမရဖြစ် နေတဲ့ကျွန်မ ကိုယ်တိုင်ပဲ ဖြစ်နေခဲ့ ပါရောလား။ ကျွန်မ ချစ်တဲ့ စာသင်ခန်းများနဲ့ ဝေးကွာခဲ့ ရတဲ့အပြင် အထီးကျန် ဆန်လှသော နေထိုင်မှုတွေနဲ့ ဖြတ်သန်း ခဲ့ရတဲ့ နှစ်တွေ မနည်း လှပါလား။

Biotechnology ဆိုတဲ့ ဘာသာရပ် အသစ်ကို ကျက်မှတ် ရုန်းကန်ရမှုတွေ ၊ နည်းပညာသစ်တွေ၊ဘာသာစကား တွေ ၊ပတ်ဝန်းကျင်သစ်တွေ ရဲ့ အားစမ်းမှု တွေနဲ့ ကျခဲ့ရတဲ့ မျက်ရည်တွေ ၊ ဆောင်းတွင်းကာလ တွေမှာ နေဝင်ချိန်စောလို့ မှောင်မဲ အေးစက်နေတဲ့..ဥရောပ ညနေခင်းတွေ..။ ခြောက်ခြားအားငယ်ရတဲ့ အိပ်မက်များစွာ နဲ့ တစ်ရေးနိုး ခဲ့ရတဲ့ မိုးမလင်းခင် အချိန်တွေ…၊ ခက်ခဲ ပင်ပန်းလှစွာ Thesis နဲ့ Paper ရေးခဲ့ ရိုက်ခဲ့ ရတာတွေ…၊ တစ်ခါ တစ်ခါ မြင်ရတတ်တဲ့ မျက်လုံးစိမ်းတွေ…။ အားလုံး အားလုံး ကို အချိန်တစ်ခု စေ့ချိန် မှာတော့ ကျွန်မ ချန်ထား လွန်မြောက် နိုင်ခဲ့ ပါ တယ်..။

မြန်မာနိုင်ငံကို ကျွန်မ ပြန်လာ ချိန်မှာ တော့ ကျွန်မ မျှော်လင့်ထားသလို ဖြစ်မနေခဲ့ပါဘူး။ အားကိုးတကြီး မျှော်လင့် နေမယ် ထင်ထားတဲ့ ၊တစ်ချိန်က ရေနည်းငါး ဖြစ်ရပါတော့မယ်ဆိုတဲ့ သားသမီး လေးတွေရဲ့ မျက်ဝန်းလေးတွေ ဟာ ကိုယ့်ကိုကို ယုံကြည်မှုတွေ နဲ့ တောက်ပ ရဲရင့် နေပါရော လား။ အော် အရွယ် ရောက်ခဲ့ကြပြီကိုး။

ခွဲနေတာကြာလို့ လှိုက်လှဲ ဝမ်းသာမယ် ထင်ထား တဲ့ အမ တွေ ဆီမှာ လည်း မိုက်လို့ ပြန်လာ တာလား ဆိုတဲ့ အပြစ်တင် ငွေ့ မကင်း တကင်း လေးဖြစ်နေတာကို သတိထား မိရပါ တယ်..။မြန်မာမှာ စီးပွားရေး ကြပ်တည်းမှု တွေ ကြားနာခဲ့ ရင်း ဥရော ပမှာ ဆက်နေသင့် ကြောင်း ပြောပြ ကြပါတယ်..။ ကျွန်မကတော့ အော်…အော်..တစ် အော်…အော် နဲ့ပေါ့လေ..။

လေယာဉ်ကွင်းက နေ ချက်ချင်း ပဲ ကျွန်မ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးကျောင်းကို ဦးတိုက်ခဲ့ပါတယ်..။ ဆရာတော်ဘုရား က မိုးကုတ်မြို့ မင်္ဂလာ တိုက်ဟောင်းမှာ တရား စခန်းပွဲ ဖိတ်ထားလို့ သွားခါနီး ဖြစ်နေပါတယ်။

ကျွန်မ ကို စခန်းဝင်သလို Projector ဖွင့် တရားနာ ပြီး ကျောင်းမှာပဲ နေဘို့ မိန့်မှာခဲ့ပါတယ်..။ တပည့်တော် အား စိတ္တဗေဒလုံခြုံမှု၊ ငြိမ်းအေးမှု နဲ့ ကျေနပ် ပျော်ရွှင်မှု တို့ကို ပေးသနားတော် မူပါဘုရား။

စခန်းပွဲ ပေါင်း များစွာ ဝင်ပြီးချိန်မှာတော့ ဘဝရဲ့ ကျေနပ် ပျော်ရွှင်မှု တကယ် ပဲရရှိခဲ့ပါတယ်..။ ဆရာတော်ဘုရား ရဲ့ ၅ရက်တာ စခန်း ကာလ ဟာကျွန်မ အတွက် အနာဂတ်ပျောက်၊အတိတ်ပျောက်ပြီး..။ ကုန်ဆုံးသွားမှာစိုးလို့ တဖြေးဖြေးချင်း သုံးဆောင်နေရ တဲ့ အရသာရှိရှိ မုန့်တစ်ချပ်လိုပါ။ ပြီးဆုံးသွားမှာ ကိုတကယ် နှမျော မိပါတယ်..။

ပိုင်းလော့ဆရာတော်ဘုရားရဲ့ တရားရိပ်သာဟာ တကယ်ဆို ဒီလို သင်္ကြန်ပွဲ အချိန် မှာ ကျွန်မ ရှိနေရမဲ့ ၊ ရှိနေသင့်တဲ့ နေရာ တစ်ခု ပေါ့လေ..။ အခုဆို လူငယ်ယောဂီ ၁၀၀၀ ကျော် လောက်နဲ့ စည်ကား သိုက်မြိုက်နေ မှာ အမှန်ပါ။

ဘဝတစ်ခုရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်း ရဲ့ အဓိပ္ပါယ် ကို ထပ်မံ ဖွင့်ဆို နိုင် ရေးအတွက်…….

ကျွန်မ ရဲ့ အစစ် အမှန်ပျော်ရွှင်မှု ရှိတဲ့ ဆရာတော် ဘုရား ရဲ့ မေတ္တာတရား နဲ့ တရားဓမ္မ အရိပ်…။

နည်းပညာ ဆိုင်ရာတွေကို ငံ့လင့် တောင်းဆိုနေတဲ့ တောင်သူ တွေ….။

တက်ကြွပျော်ရွှင် ရာက ဝမ်းနည်းညှိုးငယ်စွာ ကျန်ရစ် ခဲ့ရှာတဲ့ ကျေးလက် က ကလေးတွေ… ။

အဲဒါတွေ ကြား ထဲမှာ အမှန်တကယ် သေဆုံး ခဲ့သူ ဖြစ်မဖြစ် ရှာဖွေဆန်းစစ် ကြည့် ဘို့ မေးခွန်းများစွာ မေး၍ ကျွန်မ ကို ကျွန်မ ဖြောင့်စင်း၊တည့်မတ်စွာ ပြန်လည် ရှာဖွေ ရပါအုံးမည်..။

မှန်ကန်စွာ ပြန်တွေ့ရှိစေ ဘို့လည်း ဆုမွန်ကောင်းတောင်းပါသည်။

မလိမ်မကောက် ရိုးဖြောင့်မှန်စင်း တရားရင်း သာ တည်ရှိပါစေသား။


2 မှတ်ချက်ရေးရန်:

Thitsaralin said...

မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌-
''ရွာ၌
လည်းကောင်း၊ တော၌ လည်းကောင်း၊ ချမ်းသာဆင်းရဲနှင့် တွေ့ထိသော် ဤချမ်းသာ ဆင်းရဲသည်
မိမိကြောင့် လည်းကောင်း၊ သူတစ်ပါး ကြောင့် လည်းကောင်း ဖြစ်၏ဟု အစွဲမထားရာ၊
တွေ့ထိခြင်းတို့သည် ခန္ဓာငါးပါးကို စွဲ၍ တွေ့ထိကုန်၏။ ခန္ဓာငါးပါး မရှိသူကို အဘယ်အကြောင်းကြောင့်
တွေ့ထိခြင်းတို့သည် တွေ့ထိနိုင်ကုန်အံ့နည်း'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။
စတုတ္ထသုတ်။
မုစလိန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။
http://www.lknt.org

ဓမ္မဂင်္ဂါ said...

Happy New Year to You!