Wednesday, February 25, 2009

သစ္စာသိရန် အခြံအရံ

















ဦးကျော်စိုးမိသားစုပုံနှင့်
ဦးသောင်းထွဋ်+မိခင်



မနေ့ ကကျွန်မတို့စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ Group Mail ထဲကို စင်္ကပူရောက် သူငယ်ချင်းတွေရဲ့ စင်္ကပူဒေါ်လာ တစ်သောင်းကို လှူတဲ့ သတင်းတစ်ပုဒ် လက် ခံရရှိခဲ့ပါတယ်..။ Sambawang Singapore မှာတရားစခန်းဖွင့်လှစ် နိုင်ရေးအတွက်ဆရာတော် အရှင် ရာဇိန္ဒ ကို လှူတာ ဖြစ်ပါတယ်.။ပုံလေးထဲမှာ ကြည့်ရတာ ပီတိနဲ့ပျော် နေကြတာ ကောင်းလေစွ ပါ..။

လှူတဲ့ သူ က ကျမရဲ့ တစ်နှစ်ကြီးစီနီယာ ဦးကျော် စိုး၊ဇနီးဒေါ်ဌေးဌေးခင်။သမီးများဖြစ်တဲ့ ဌေးဦးသူ၊ ရည်မွန်စိုးတို့ဖြစ်ပါတယ်။ ကို ကျော်စိုးဆိုတာ ကကျွန်မတို့ကျောင်း တက် တုံးကကျောင်းမှာ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက် ခဲ့တာပါ..။ ကညစ်နဲ့ ဖယောင်းစက္ကူမှာရေးပြီး ထုတ်ရတဲ့ ဗုဒ္ဓဘာသာ အသင်း လှုပ်ရှားမှုစာစောင်လေးတွေအတူ ထုတ်ဝေခဲ့တာ မို့ သူတို့ရဲ့ အလှူဒါန သတင်းလေးကို ကျွန်မရဲ့ စာမျက် နှာများမှာ မှတ်တမ်းတင်ပေးချင်စိတ်တွေ နဲ့အတူ မုဒိတာတရားပွားများဖြစ်ခဲ့ပါတယ်.။

ကျွန်မတို့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဆိုတာ ကဟိုးအရင်အခါတုံးက တိုက် နယ် ဆေးရုံသာ ရှိတဲ့ ရေဆင်းရွာလေးကို အမှီ ပြုရပ်တည်ရတာ ပါ..။ အခုတော့လည်းနေပြည်တော် ကတက္ကသိုလ်ပေါ့နော်..။

အဖိတ်နေ့တွေဆို ဗုဒ္ဓသာဘာ အသင်းလှုပ်ရှားမှုတွေ ကဆွမ်းတော်ကြီးအလှူခံထွက် ရတယ်၊ ညဖက် မှာ အဆောင် တွေကို အလှည့်ကျ ဓမ္မစင်္ကြာ လိုက်ရွတ်ကြပါတယ်..။အလှည့်ကျတဲ့ အဆောင် ကဝတ်ရွတ်သူများကို ကျွေးမွေးရပါတယ်..။ညနေ၆နာ ရီ အဆောင် ပိတ် Roll Call ထူးပြီးမှ ညရနာရီ ညထွက် ခွင့်ရပြီး သွားရတာ မို့ အဲဒီတုံးကတော့ အဖိတ်နေ့ တွေဆို သိပ်ပျော်ကြပါတယ်..။

မှတ်မိသေးတယ်..။ရေဆင်းဆိုတာ ကျွန်မတို့ကျောင်းသားအားလုံးကို တစ်သားထဲဖြစ် စေခဲ့တဲ့ နေရာတစ်ခုပါပဲ။အိမ်မှာ ကားရှိလည်းစီးလို့မှမရတာ.။အားလုံးအဆောင်ကတက် လမ်းလျှောက် အတူတူတစ်သားတည်းဘဝတွေပါပဲ..။အဲဒီတုံးက ကျွန်မ က (တန်းအလွှာ၊ ခဝါချ စေတဲ့ သဘာဝရင်ခွင်) ဆို ပြီး ကဗျာ တစ်ပုဒ်ရေးခဲ့ဘူးသေးတယ်..။

အဲလို မိဘ နဲ့ဝေးတဲ့ နေရာ မှာ ကျောင်းတက်ရတာ တနေ့မှာ ကို ကျော်စိုးတို့နှစ်က ကို စံထွန်း ဆိုတဲ့ ကျောင်းသားတစ်ယောက်က အဆောင်က အခန်းထဲမှာရုတ်တရက် သေဆုံးခဲ့ပါတယ်..။စာ ကြိုး စားသူဆိုတော့ဆေးရုံက ခွင့် မပြုတာ ကို စာမေးပွဲစိတ်မချလို့ပြန်ဆင်းပြေးလာတာ..အဆောင်မှာ ဆုံးရှာတယ်.။

ကင်းတားဆောင်ရှေ့မြက်ခင်းပြင်မှာ မဏ္ဍပ်ထိုး၊ အလောင်းပြင် တာတွေကို ကျောင်းကပဲစီစဉ်ရတာ ပါ..မိဘတွေကနောက် မှ လိုက်လာ နိုင်တာပေါ့..မှတ်မိသေးတယ်..။ကျွန်မတို့အသုဘရှိနေတဲ့ ညတိုင်းဝတ်ရွတ်ထွက်ရတာ အဲဒီတုံးကတော့ မပျော်ခဲ့တာ သေချာ မှတ်မိနေခဲ့တယ်..။

မြို့ပြ မဟုတ်လေတော့ အုတ်ဂူကို လုပ်တဲ့ အခါ ဆရာ၊ဆရာမ တွေကြီးကြပ် မှုနဲ့ အတူ ကျွန်မတို့ ဗုဒ္ဓဘာသာ အသင်းဝင်တွေ ကိုယ် တိုင်အုတ်စီ၊ပန်းရံကိုင်ခဲ့ရတာ တွေ၊သပိတ်သွတ် ခဲ့ရတာတွေ ဟာ အဲဒီအခါက အသက် ၂၀ မပြည့်တတ်သေးတဲ့ ကျွန်မတို့အတွက်တော့ မဟာ အတွေ့အကြုံကြီးပါ..။

ဆရာ ဆရာမ တွေဟာ မိဘတာဝန်တွေပါ တစ်ပိုင်းတစ်ကဏ္ဍ ယူကြရတာ ဆိုတော့ ကျွန်မတို့တွေရဲ့ ဆရာ့ကျေးဇူးသိတတ်မှုဟာ တခြားသော တက္ကသိုလ်ကျောင်းသားတွေထက် ပိုသိမှတ် နားလည်နေကြပါတယ်.။ နွေးထွေးမှုလည်းပိုပါတယ်။

အခုတော့လည်း ဆယ်စုနှစ် ၃ခုနီးပါးကြာခဲ့တဲ့ အချိန်တွေဟာ ဘဝများစွာကို နေရာတွေလည်းခြားစေခဲ့၊ ရေမြေ တွေလည်းခြားစေခဲ့၊ရပ်တည်မှုတွေလည်းခြားစေခဲ့ပါပြီ..။ဘာသာရေးအသိစိတ်ဓါတ် တူညီစွာ ပြန် မြင်ရတဲ့ အခါမှာတော့ ကြည်နူးဝမ်းမြောက်ရပါတယ်..။

ဓနရဲ့ အနှစ်သာရသည် ကား ဒါန ဖြစ်နေတာ ကို တွေ့မြင်ရလို့လည်း ဓန အတွက်ကော ၊ ဒါန အတွက်ပါကျေနပ်ရပါတယ်.။ သည် အလှူမှာ Group Email Administrator ကိုသောင်းထွဋ် ကိုလည်း သူ့ရဲ့ကျေးဇူးရှင်မိခင်ကြီးနဲ့ အတူ တွေ့ရတော့ကျက် သရေရှိတဲ့ ဓာ တ်ပုံ တစ်ခုလို့ကျွန်မမြင်လို့ ဖော်ပြလိုက်ပါတယ်..။ကျေးဇူးတော် ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက ကိုယ့်ဘဝရဲ့ စာ မျက် နှာများ မှာ မိဘ သည် ခေါင်းကြီးပိုင်းမှာ ရှိနေရမယ် ဆိုတဲ့ ဆုံးမစကားနဲ့လျော်ညီနေလို့ပါ..။

သည် အလှူလေးကို အကြောင်ြး့ပုပြီးကျွန်မမှတ်ထားဘူးတဲ့ အမြင့်မြတ်ဆုံးဒါနပြုနည်း ဆိုတဲ့ တရားဒါနလေးကို မျှဝေချင်ပါတယ်..။

အမြင့်မြတ်ဆုံးဒါနပြုနည်း

အလှူ ရှင် တွင် ထားရမဲ့စိတ်သုံးမျိုးနဲ့ ပြည့်စုံရင် မဟာကုသိုလ်စိတ်ဖြစ်ပြီး အမြင့် မြတ်ဆုံးအကျိုးကို ပေးကို ရပါတယ်.။
၁။ဝမ်းမြောက် စွာနဲ့ လှူရပါမယ်။
၂။ဉာဏ်နဲ့ ယှဉ်ပြီးလှူရပါမယ်။
၃။သူတစ်ပါးတိုက် တွန်းမှု မပါပဲ ထက် ထက် မြက် မြက် လှူရပါမယ်။

နံပါတ် ၂ အချက်ကို သိတာ နည်းကြပါတယ်..။ဉာဏ်နဲ့ ယှဉ်ပြီးလှူတဲ့ အခါမှာ
၁။သာသနာတော် ကို သာ ရည် ရွယ် ပြီးလှူရပါမယ်..။

လှူတာဆိုတော့ အကျိုးပေးဆိုတာ ရှိစမြဲဆိုတော့..
တိရိစ္ဆာန်တစ်ကောင်ကိုလှူရင် ဘဝတစ်ရာ အကျိုးပေးပါတယ်..။
သီလမရှိတဲ့ လူဆိုရင် ဘဝတစ်ထောင်၊
သီလရှိတဲ့ လူဆိုရင် ဘဝပေါင်းတစ်သိန်း၊
သမထဈာန်ရတဲ့ သူဖြစ်ရင် ဘဝပေါင်းကုဋေ တစ်သိန်း၊
သောတာပန်ကိုလှူရင် ဘဝပေါင်း အသင်္ချေ၊
သကဒါဂါမ် ကို ဆိုရင်သောတာပန်ထက် ပိုပါတယ်၊
အနာဂါမ် ဆိုရင် သကဒါဂါမ် ထက် ပို ပြီး
ရဟန္တာကို လှူရင် အနာဂါမ်ထက် ပို ပါတယ်..။
ပစ္စေက ဗုဒ္ဓါ ကို လှူရင် ရဟန္တာ ထက် ပို ပြီး
ဘုရားရှင် ကို လှူရင်ပစ္စေက ဗုဒ္ဓါထက် ပိုပါတယ်..။
ဘုရားအမှူးရှိသော သံဃာတော်တွေကိုလှူရင်(သံဃိက) အဖြစ်လှူရင် ဘုရားကို လှူ တာထက် ပိုပါတယ်..။
သာသနာတော် အတွက်ရည် မှန်းပြီးလှူရင် (သံဃိက)ကိုလှူတာ ထက် ပိုပြီးအကျိုးများပါတယ်..။
အခု အလှူ ကစင်္ကပူမှာ တရားရိပ်သာ ဖွင့်နိုင်ရေး၊ စင်္ကပူ မှ ဗုဒ္ဓ သာသနာအတွက် ဆရာတော် ဦးရာ ဇိန္ဒ ကို လှူတာ ဆို တော့ အမြတ်ဆုံးနဲ့ အကျိုးအပေးဆုံးမှာ ပါဝင် နေပါတယ်..။

၂။ အလှူခံပုဂ္ဂိုလ်အတွက် ဆုတောင်းရပါမယ်..။


လှူပြီဆိုတာနဲ့ ဒါနရဲ့ အကျိုးကို မိမိရရပါလို၏ လို့ဆုမတောင်းပဲ အလှူခံ ပုဂ္ဂိုလ်အတွက် ဒါနဲ့ အကျိုး ရပါစေဆိုတဲ့ စိတ်ညွှတ်ပြီး စေတနာထာပေးတဲ့အခါ စေတနာသည် ကံဖြစ်တဲ့အတွက် စေတနာရဲ့ အကျိုးကို ပါ နှစ်ထပ်ကွမ်း ကုသိုလ်ရရှိနိုင်ပါတယ်..။
အဲဒီစေတနာမှာလည်း သုံးတန်ရှိပါတယ်..။
ပုဗ္ဗ (မလှူခင်ထားရမဲ့ကုသိုလ်စိတ်)
မုဉ္စ (လှူနေစဉ်မှာထားရမဲ့စိတ်)
အပရ( လှူပြီးချိန်မှာထားရမဲ့စိတ် )တို့ဖြစ်ပါတယ်..။
အလှူလုပ်မယ်လို့ သဒ္ဒါပေါ်လာတဲ့အချိန်မှာ မိမိလှူမဲ့ ပုဂ္ဂိုလ်ကို ရွေးချယ် ဆုံးဖြတ်ခွင့်ရှိပါတယ်.။ရွေးပြီးမှ သည် စေတနာ သုံးတန် ကို ရောက်လာ ပါတယ်..။အဲဒီအခါမှာ အလှူခံပုဂ္ဂိုလ်ရဲ့ အကောင်းအဆိုးကို မစိစစ်တော့ပဲ
သာသနာတော်ကိုသာ ရည် ရွယ်ပြီး
ဘုရားသာသနာပြုသူအလှူခံပုဂ္ဂိုလ်အတွက် ဒါနအကျိုးများရပါစေဟုဆုတောင်းပေးပါ..။


၃။ အချက် ကတော့ အရေးအကြီးဆုံးဖြစ်ပါတယ်..။

ဆရာတော် များစွာရဲ့ အဆုံးအမ များကု မှတ်သားထားမိသလိုမျှဝေချင်ပါတယ်..။
ပိုင်းလော့ဆရာတော်ဘုရားကြီးကမှာပါတယ်..ဒါနသည် အပေါစားတရားမဟုတ်၊မဂ်ဖိုလ်နိဗ္ဗာန် ကို ဆက်သွယ် ပေးနေတဲ့ဇောင်းတန်းသဖွယ်လို့ မိန့်ကြားဘူးပါတယ်..။

မိုးကုတ်ဆရာတော် ဘုရားကြီးက မိန့်ကြားဘူးပါတယ်..ဒါနနောက်က အသိမလိုက်ရင် သံသရာ ရှည်မယ်တဲ့။ဒါန၊သီလ ၊သမထ ဆိုတာ သာသနာ ပမှာလည်းရှိပါတယ်။ဝိပဿနာ သာ မရှိတာပါ.။သာသနာ တွင်းမှာ ဘုရားပွင့်၍ ဉာဏ် ၂ ဉာဏ်ရနိုင်ပါတယ်..။ကမ္မဿကတာ ဉာဏ် နှင့် သစ္စာကို သိသော သစ္စာနုလောမိက ဉာဏ်(ဝါ) ဝိပဿနာဉာဏ် တို့ဖြစ်ပါတယ်..။

ယခုကို ကျော်စိုးတို့ရဲ့ အလှူ ဒါနသည် သစ္စာ သိရန် အခြံအရံတစ်ခုဖြစ်ပါစေကြောင်း၊ဖြစ်လိမ့်မယ်လို့ လည်းယုံကြည်ပါတယ် လို့မှတ်တမ်းပြုရင်းနဲ့သာဓုခေါ်လိုက်ပါတယ်..။ သာဓု သာဓု သာဓု

0 မှတ်ချက်ရေးရန်: